ဖမ်းဆီးနှိမ်နင်းခြင်းများကြောင့် ကျားဖြန့်များနေရာပြောင်းရွှေ့ရာတွင် လဲချားဒေသ တောတောင်ထဲအထိပါ ရောက်ရှိလာ
တော်လှန်ရေးနှင့်ပတ်သက်မှုမရှိသည့် လက်နက်ကိုင်များလည်း ပါဝင်ပတ်သက်နေ
မဲခေါင်၊ ဖေဖော်ဝါရီ ၁၉
မိုင်းရယ်၌ ကျားဖြန့်များ ဖမ်းဆီးပြီးနောက် ရှမ်းပြည်တောင်ပိုင်း၊ လဲချားမြို့နယ် တောတောင်ထဲအထိပါ ရှမ်းပြည်မြောက်ပိုင်း မိုင်းရယ်နှင့် တန့်ယန်းမြို့ဘက်မှ လက်ကျန်ကျားဖြန့်များ နေရာရွှေ့ပြောင်းနေကြောင်း ဒေသသတင်းများအရ သိရသည်။
လဲချားမြို့ နှင့် ၂၅မိုင်ခန့် ကွာဝေးသည့် မန်ပန်ကျေးရွာ အနီးတဝိုက်၌ ကျားဖြန့် (အွန်လိုင်းငွေလိမ် လုပ်ငန်း) လုပ်ကိုင်သူ ၄၀၀ ခန့် ရောက်ရှိနေခြင်းဖြစ်ပြီး ထိုဒေသကို မန်ပန်ပြည်သူ့စစ်က ထိန်းချုပ်သည်။
“ လုံခြုံရေးယူပေးတာတော့ ဝတ်စုံစိမ်းဝတ်တွေပဲ၊ စစ်တပ်မသိဘူးဆိုတာလည်း မဖြစ်နိုင်ဘူး၊ သူတို့မသိပဲ မရွှေ့နိုင်ဘူး၊ နားလည်မှုယူထားလို့ပေါ့” ဟုလဲချားဒေသခံတစ်ဦးက မဲခေါင်ကို ပြောသည်။
ယခုလ ၁၀ ရက်တွင် မိုင်းရယ်ဘက်မှ ကျားဖြန့်များကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက် မိုင်းရယ်ဘက်မှ လက်ကျန်ကျားဖြန့်များ ယခုလ ၁၇ ရက်တွင် တော်လှန်ရေးနှင့် သက်ဆိုင်ခြင်းမရှိသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ၁၀ ဘီးကား ၁၀စီးဖြင့် မိုင်းနောင်မြို့နယ်ဘက်သို့ ရွှေ့ပြောင်းပေးခြင်းများရှိသလို လဲချားမြို့နယ်တစ်ဝိုက်သို့လည်း ကားအစီးပေါင်းများစွာဖြင့် ပို့ဆောင်ပေးနေကြောင်း ဒေသခံများကပြောသည်။
လဲချားဒေသသည် SSPP နှင့် RCSS မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်ပွားသည့် နယ်မြေဖြစ်ပြီး ယခု ကျားဖြန့်များရောက်ရှိလာသည်ကိုကြောင်းပြုကာ နယ်မြေမတည်ငြိမ်မှုများ ပိုမိုဖြစ်ပွားလာမှာကို ဒေသခံများစိုးရိမ်လာနေကြသည်။
လဲချားမြို့နယ်သည် မန်ပန်ပြည်သူ့စစ်၊ စစ်ကောင်စီ၊ SSPP/SSA နှင့် RCSS/SSA လက်နက်ကိုင်များ လှုပ်ရှားသည့် နယ်မြေလည်း ဖြစ်သည်။
“ ဟင်းသီးဟင်းရွက်စျေးတွေ ခုန်တက်၊ ဘေးဝန်းကျင်က ရွာသူ ရွာသားတွေ ခြိမ်းခြောက်ခံလာရမှာတွေ ၊ တိုက်ပွဲတွေ ပိုဖြစ်လာမှုကို စိုးရိမ်ရတာ၊ ခုတောင် ဘယ်သွားသွားမိုင်းကြောက်ရ၊ အဖမ်းခံရမှာ ကြောက်နေကြတာ” ဟု လဲချားမြို့နယ် ဒေသခံတစ်ဦးကပြောသည်။
စစ်ကောင်စီ က ဖေဖော်ဝါရီ၁၀ရက်တွင် မိုင်းရယ်မြို့နယ်အတွင်း ကျားဖြန့် ၁၀၂ ဦးကို ဖမ်းဆီးကြောင်း ကြေညာပြီးနောက် မိုင်းရယ်ဘက်မှ ကျားဖြန့်များကို လက်နက်ကိုင်အစောင့်အရှောက်များ၊ ကားများဖြင့် မိုင်းနောင်၊ လဲချားဘက်များသို့ ပြောင်း ရွှေ့နေခြင်းဖြစ်သည်။
နယ်စပ်ဒေသများ၌ ထိုင်းနှင့် တရုတ်ပူးပေါင်းကာ မြန်မာနိုင်ငံ နယ်စပ်ဒေသများရှိ ကျားဖြန့်လုပ်ငန်းနှိမ်နင်းရေးကို ဖိဖိစီးစီးလုပ်ဆောင်လာသဖြင့် ဖိအားဖြင့် ပြည်နယ်အတွင်းပိုင်းဘက်သို့ ရွှေပြောင်းလာနေကြခြင်းဖြစ်သည်။
စစ်ကောင်စီက လိုက်လံဖမ်းဆီးနေသည်ဆိုသော်လည်း လဲချားမြို့နယ်သည် စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်တွင်ရှိပြီး ဒေသတွင်း လုံခြုံရေးကို တာဝန်ယူထားသဖြင့် ကျားဖြန့်လုပ်ငန်းနှင့် ပတ်သက်ဆက်နွယ်မှုရှိနိူင်သည်ဟု ဒေသခံတွေက ယူဆကြသည်။
မဟာ
#MeKongNews








