ရှမ်းအရှေ့၌ နှစ်ရက်အတွင်း ကျပ်သိန်း ၄၀၀၀ တန်ဖိုးရှိ မူးယစ်ဆေးများ ထပ်မံဖမ်းမိ
ထုတ်လုပ်သူများကို ဖမ်းဆီးနှိမ်နင်းနိုင်ခြင်းမရှိသေး
မဲခေါင်၊ ဖေဖော်ဝါရီ ၁၄
မူးယစ်ဆေးထုတ်လုပ်သူများကို ဖမ်းဆီးနှိမ်နင်းနိုင်ခြင်းမရှိသည့် စစ်ကောင်စီက မူးယစ်ဆေးသယ်ယူပို့ဆောင်သူနှင့် ရောင်းချသူများကိုသာ ဆက်တိုက်ဆိုသလို ဖမ်းဆီးနေသည်။
ယခုလ၊ ၁၂ ရက်နှင့် ၁၃ ရက်တွင် ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလတ်မြို့နှင့် မိုင်းဆတ်မြို့၌ ကျပ်သိန်းပေါင်း ၄၀၀၀ နီးပါး တန်ဖိုးရှိသည့် မူးယစ်ဆေးများ ထပ်မံဖမ်းဆီးရမိပြန်သည်။
ယမန်နေ့တွင်(ဖေဖော်ဝါရီ ၁၃ ) တာချီလိတ်မြို့၊ ပါဆတ်ရပ်ကွက်၌ လီထေ့(ခ)လီထောင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ပေါ်မှ ကျပ်သိန်း ၇၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ဖမ်းမိသည်။
ဖေဖော်ဝါရီ ၁၂ ရက်၊ နေ့လယ်ပိုင်း ၁ နာရီခွဲခန့်တွင် မိုင်းဆတ်မြို့နယ်၊ မမဟုန်လွယ်ကျေးရွာအနီး တာချီလိတ်မြို့ဘက်မှ မိုင်းဆတ်မြို့ဘက်သို့ အောင်ကျော်စိုး(ခ)အားကျိန်န မောင်းနှင်လာသည့်ကားပေါ်မှ ကျပ် သိန်း ၃၇၂၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားအကြေမှုန့် ၉၃ ကီလိုဖမ်းမိသည်။
မိုင်းဆတ်မြို့၌ ငွေမပေးနိုင်မှသာ မူးယစ်ဆေးရောင်းဝယ်သယ်ဆောင်သူများ ဖမ်းခံရကြောင်း ဇန်နဝါရီလထဲတွင် ဒေသခံများကမဲခေါင်ကိုပြောသည်။
ယခုလ ၉ ရက်တွင် ရှမ်းပြည်အရှေ့ပိုင်း၌ ကျပ်သိန်းပေါင်း ၁၀၀၀ နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိပြီးနောက် ဖေဖော်ဝါရီလ ၁၀ ရက်၊၁၂ရက်နှင့်၁၃ ရက်များတွင် ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နှင့်ကျိုင်းတုံမြို့၊ ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့များ၌ ဆက်တိုက်ဖမ်းဆီးခဲ့သည်။
မဲခေါင်မှစောင့်ကြည့်ထားသော စာရင်းများအရ ယခုလ ဖေဖော်ဝါရီလ ၉ ရက်မှ ၁၃ ရက်နေ့အထိ ၅ ရက်အတွင်း ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့်မြောက်ပိုင်း၌ ကျပ်သိန်းပေါင်း ၉,၇၃၉ သိန်းတန်ဖိုးရှိမူးယစ်ဆေးဝါးများအား စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နှင့်မူးယစ်တပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
မြန်မာနိုင်ငံဒေသအသီးသီးသို့ဝင်ရောက်မည့် မူးယစ်ဆေးဝါးများသည် ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့်မြောက်ပိုင်းမှ အဓိက ထွက်ရှိနေကြောင်း CCDAC Myanmar ရဲ့ ထုတ်ပြန်ချက်များအရ သိသည်။
ဂနိုက်
#MeKongNews









