စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို ရှောင်ရှားလိုသူများ လွတ်မြောက်နယ်မြေများ၌ ခိုလှုံနိုင်
မဲခေါင်၊ ဖေဖော်ဝါရီ ၆
စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို ရှောင်ရှားလိုသူများ လွတ်မြောက်နယ်မြေများ၌ ခိုလှုံနိုင်ကြောင်း တော်လှန်ရေးအင်အားစုများက ဖိတ်ခေါ်ကြသလို လုပ်ဆောင်ရမည့်နည်လမ်းများကိုလည်း NUG ကကြံပြုလာသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်တွင် စစ်ကောင်စီမှ စစ်မှုထမ်းနည်းဥပဒေကို အတည်ပြုပြဌာန်းပြီးနောက် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း စစ်မှုထမ်းရန် အကြုံးဝင်သူများကို ပြည်ပသို့ တရားဝင်ထွက်ခွာခွင့် ကန့်သတ်လိုက်သောကြောင့် စစ်မှုထမ်းဥပဒေကို ရှောင်ရှားလိုသူများသည် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ တရားမဝင်နည်းလမ်းဖြင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်နေမှုများ မြင့်တက်လာသည်။
တရားမဝင်နယ်စပ်ဖြတ်ကျော်သူများကိုလည်း ထိုင်းအာဏာပိုင်များမှ ဖမ်းဆီးကာ မြန်မာနိုင်ငံသို့ ပြန်ပို့ဆောင်သည့်အခါ ထိုသူများကို စစ်ကောင်စီက ပြန်လည်လက်ခံကာ စစ်မှုထမ်းစာရင်းသွင်းပြီး အခြေခံစစ်သင်တန်းပေးကာ ရှေ့တန်းသို့စေလွှတ်ခြင်းများလုပ်ဆောင်နေသည်။
စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို ရှောင်ရှားလိုသူများအနေဖြင့် လွတ်မြောက်နယ်မြေများသို့ လာရောက်ခိုလှုံနိုင်ကြောင်း ရှမ်းပြည်တောင်ပိုင်း ဒေသခံတော်လှန်ရေးအဖွဲ့များကလည်း ဖိတ်ခေါ်နေသလို လုပ်ဆောင်ရမည့်နည်းလမ်းများကိုလည်း NUG က မဲခေါင်ကိုပြောပြလာသည်။
“ကျွန်တော်တို့ အဖွဲ့အစည်းထဲကို စကစရဲ့စစ်မှုထမ်းဥပဒေကြောင့် ခိုလုံလာတဲ့သူတွေ ရှိပါတယ်ဗျ၊ ဆက်လက်ပြီး ခိုလုံလာမယ့် သူတွေကိုလည်းကူညီကယ်ဆယ်ပေးဖို့အသင့်ရှိနေပါတယ်၊ ကျွန်တော်တို့ အဖွဲ့ကို ချိတ်ဆက်အကူအညီရယူဖို့ ကမ်းလှမ်းချင်ပါတယ်”ဟု ရှမ်းပြည်တောင်ပိုင်း တပ်ပေါင်စု (SSLRU) ၏ နိုင်ငံရေးမှူး စိုင်းပန်ဖက မဲခေါင်ကိုပြောသည်။
အလားတူ ရှမ်းတောင် Black Fox Southern Shan Local Defence Force ၏ ပြန်ကြားရေးတာဝန်ခံ ကိုဖိုးလုံးကလည်း စစ်မှုထမ်းဥပဒေကို ရှောင်ရှား၍ တော်လှန်ရေးတပ်သို့ ဝင်ရောက်သူများကို ခေါ်ထုတ်နေပြီး တော်လှန်ရေးတပ်ထဲ ဝင်ရောက်၍ တာဝန်မထမ်းဆောင်လိုသူများကိုလည်း လာရောက်ခိုလှုံနိုင်ကြောင်း မဲခေါင်ကိုပြောသည်။
စစ်မှုထမ်းဥပဒေကို မရှောင်ရှားနိုင်သဖြင့် စစ်မှုထမ်းရသူများအနေဖြင့်လည်း အလံဖြူထောင် လက်နက်ချသင့်ပြီး ပြည်သူနှင့် ပူးပေါင်းသင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇောက မဲခေါင်ကိုပြောသည်။
သူက “ လူငယ်တွေသိသင့်တာကတော့ နည်းမျိုးစုံနဲ့ရှောင်ရှားသင့်တယ်၊ တော်လှန်ရေးအင်အားစုတွေနဲ့ အကူအညီယူရှောင်ရှားသင့်တယ်၊ မတတ်သာလို့မရှောင်နိုင်လို့ အတင်းအဓမ္မစုဆောင်းခံရတယ်ဆိုရင်လည်း ရှေ့တန်းမရောက်ခင်ထွက်ပြေးဖို့ ရှေ့တန်းရောက်ရင်လည်း လက်နက်ချဖို့၊ အလံဖြူထောင်ဖို့ကြိုးစားကြပါ” ဟုအကြံပေးသည်။
သုဝဏ္ဏခွန်
#MeKongNews
#ပြည်သူ့စစ်မှုထမ်း
#လွတ်မြောက်နယ်မြေ
#တရားဝင်ပြည်ပထွက်ခွင့်
#တရားမဝင်လမ်းကြောင်း








