မိုင်းပန်၌ ရှမ်းအမျိုးသားနေ့ကို RCSS ဦးဆောင်ကျင်းပမည်
မဲခေါင်၊ ဖေဖော်ဝါရီ ၆
မနက်ဖြန်(ဖေဖော်ဝါရီ ၇) ကျရောက်မည့် ၇၈ နှစ်မြောက် ရှမ်းအမျိုးသားနေ့ကို RCSS ဦးဆောင်ကျင်းပမည်ဖြစ်ပြီး အခမ်းအနားကို စစ်ကောင်စီ၏ တပ်ရင်း၊တပ်ဖွဲ့များ တက်ရောက်နိုင်ရန် ဖိတ်စာများ ပေးပို့ထားသည်ဟုသိရသည်။
ဖိတ်ကြားခံရသည့် စစ်ကောင်စီ၏ တပ်ရင်း၊ တပ်ဖွဲ့ဘက်က RCSS ဦးဆောင်ကျင်းပမည့် ရှမ်းအမျိုးသားနေ့ကို တက်ရောက်ဖို့အစီအစဉ်မရှိကြောင်း စစ်ကောင်စီဘက်က တုန့်ပြန်မှုကို ကြားသိရသည့် ဒေသခံက မဲခေါင်ကိုပြောသည်။
“ ကြားတာတော့ အမိန့်မရဘူးကြားတာပဲ၊ ဒေသကတော့ သောင်းချီတက်နိုင်မယ်” လို့ မိုင်းပန်ဒေသခံက မဲခေါင်သတင်းဌာနကို ယနေ့ (ဖေဖော်ဝါရီ ၆)ပြောသည်။
သမိုင်းကြောင်းအရ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်တွင် ကျင်းပသော ပင်လုံညီလာခံကြီးမှ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ၇ ရက်သည် ရှမ်းပြည်စော်ဘွားများက လူထုထောက်ခံမှုဖြင့် အင်္ဂလိပ်အာဏာပိုင် ဘုရင်ခံကို အန်တုအနိုင်ရခဲ့သည့်နေ့ ဖြစ်သောကြောင့် ရှမ်းအမျိုးသားနေ့အဖြစ် အသိအမှတ်ပြုရန် ဆုံးဖြတ်ခဲ့ကြသည်။
ရှမ်းအမျိုးသားနေ့နှင့်အတူ ဝါ၊ စိမ်း၊ နီ နှင့် လမင်းပါရှိသော ရှမ်းအမျိုးသားအလံ၊ ခေးတိုင်းမျိုးရာဇာ အစချီသော ရှမ်းအမျိုးသားသီချင်းကိုလည်း သတ်မှတ်နိုင်ခဲ့ကြသည်။
တော်လှန်ရေးကောင်စီ အစိုးရတက်လာသည့်နောက်ပိုင်း ၁၉၇၄ ခုနှစ်တွင် ရှမ်းအမျိုးသားနေ့သည် ရှမ်းအမျိုးသားတစ်ခုတည်းကိုသာ ကိုယ်စားပြုသည့်သဘော သက်ရောက်သဖြင့် ရှမ်းပြည်နယ်အတွင်းရှိ အခြားရှမ်းတိုင်းရင်းသားမျိုးနွယ်စုများပါ ကိုယ်စားပြုသည့်သဘော သက်ရောက်စေရန် ရှမ်းပြည်နယ်နေ့ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။
“ ရှမ်းတွေကတော့ ပြည်ထောင်စုနေ့၊ လွတ်လပ်ရေးနေ့တွေပေါ်ပေါက်လာဖို့ သမိုင်းရဲ့ အဓိကအနှစ်သာရ ပြည့်ဝစွာပါဝင်တဲ့ ရှမ်းအမျိုးသားနေ့အနေနဲ့ပဲ လုပ်ကြပါတယ်၊ တချို့နေရာတွေမှာတော့ ရှမ်းပြည်နယ်နေ့၊ ရှမ်းပြည်အမျိုးသားနေ့ ဆိုပြီး လုပ်ကြတာလည်းရှိပါတယ်” ဟု ရှမ်းနိုင်ငံရေး သမားတစ်ဦးက ပြောသည်။
အဆိုပါ ရှမ်းအမျိုးသားနေ့အခမ်းအနားကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် – RCSS/SSA မှ ဦးဆောင်ပြီး ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပန်မြို့နယ်၊ နားဆာလဲကျေးရွာရှိ ငြိမ်းချမ်းရေးကွင်းတွင် မနက်ဖြန် ဖေဖော်ဝါရီ ၇ ရက်တွင် ကျင်းပမည်ဖြစ်သည်။
မဟာ
#MeKongNews









