တာချီလိတ်မှ ထိုင်းနိုင်ငံဘက်သို့ Passpport ဖြင့် ကူးသန်းခွင့် စစ်ကောင်စီ ရပ်ဆိုင်း
မဲခေါင်၊ ဖေဖော်ဝါရီ ၆
ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့မှ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့သို့ နိုင်ငံကူးလက်မှတ် Passportများဖြင့် ဝင်ရောက်ခွင့်ရပ်ဆိုင်းလိုက်ပြီဟု ခရီးသွားလုပ်ငန်းတစ်ခုထံက သိရသည်။
ယမန်နေ့( ဖေဖော်ဝါရီ ၅) ၊ နေ့လည်ပိုင်းက စတင်ကာ ရပ်ဆိုင်းခြင်းဖြစ်ပြီး တာချီလိတ် ချစ်ကြည် ရေးတံတားအမှတ်(၁)တာဝန်ရှိသူများက Passportနှင့် သွားရောက်ခွင့်မပြုခြင်းဟု ဆိုသည်။
ဤသို့ ရပ်ဆိုင်းခြင်းကို အကြောင်းပြချက်တစုံတရာမရှိပဲ ရုတ်တရက် ရပ်ဆိုင်းခြင်းဖြစ်ပြီး မည့်သည့်အချိန် ပြန်လည်ခွင့်ပြုမည်ကိုလည်း အသိပေးကြေညာခြင်းမရှိဟု ဆိုသည်။
တာချီလိတ်မှတဆင့် ဆေးကုသသူများ၊ ပညာသင်များ၊ အလည်အပတ်သွားသူများကို ထိုတံတားမှ ယခင်က Tr Visa ၊ Passport ဖြင့် သွားလာခွင့်ပြုထားရာမှ ယခုလို ရုတ်တရက် ခွင့်မပြုတော့ခြင်း ဖြစ်သည်။
“ ကျွန်မက ချင်းမိုင်ကို ဆီးချိုကြောင့်ပြနေကြသွားတာ၊ မနေ့ကသွားခွင့်မပြုဘူးပဲပြောတယ်၊ ဘာကြောင့်ဆိုတာမပြောသလို ဘယ်တော့ဆိုတာလဲ မပြောဘူး” ဟု မိုင်းပန်ကနေ ထိုင်းဘက်သွားရောက်ခွင့်မရသူတစ်ဦးက ပြောသည်။
ပြည်ပထွက်ခွင့် ကန့်သတ်ချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီ အနေဖြင့်ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရန် အကျုံးဝင်သည့် အသက်၁၈ မှ၃၅နှစ်အတွင်းအမျိုးသားများ ပြည်ပထွက်ခွာမှုကို ပိတ်ပင်ကန့်သတ်လိုက်သည်သာမက ပြည်ပနိုင်ငံများသို့ သွားရောက်ရန် ပထမဦးဆုံး လုပ်ရသည့် စစ်ကောင်စီ၏အလုပ်သမားဝန်ကြီးဌာနက ဖွင့်လှစ်သည့် ပြည်ပအလုပ် အကိုင် သင်တန်းတက်ရောက်ခွ၍့်ကိုလည်း တစုံတရာအကြောင်းပြချက်မရှိပဲ ယမန်နေ့ကစပြီး ပိတ်ပင်လိုက်သည်ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုဆီက သိရသည်။
“ အမျိုးသမီးတွေလည်း ၁၈ ကနေ၂၇ အထိ ကန့်သတ်မယ်ကြားနေတယ်၊ အဲဒီလိုကြားပြီးရင် အတည်ဖြစ်တာပဲ၊ စစ်မှုထမ်းစာရင်းတွေလည်းကောက်နေတော့လေ” ဟု ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု အေဂျင်စီဝန်ထမ်းတစ်ဦးက ပြောသည်။
စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို၂၀၂၄ ခုနှစ်၊ မေလကစတင် အသက်သွင်းပြီး အဓမ္မလူသစ်စုဆောင်းကာ လစဉ် စစ်မှုထမ်းသင်တန်းများ ဖွင့်လှစ်ပြီး လူငယ်များကို အဓမ္မဖမ်းဆီးကာ စစ်သင်တန်း သုံးလကျော်ပေးပြီး စစ်မြေပြင်သို့ စေလွှတ်ခြင်းများ လုပ် ဆောင်လျက်ရှိနေသဖြင့် ပြည်ပသို့ ထွက်ခွာခွင့်ကို အမျိုမျိုးသော တားမြစ်ကန့်သတ်ချက် တွေဖြင့် ထိန်းချုပ်နေခြင်းဖြစ်သည်။
မဟာ
#MeKongNews








