ဖရူဆိုအရှေ့ဘက်ခြမ်းရှိ စစ်ရှောင်စခန်း၌ သောက်သုံးရေပြတ်လပ်လာ
မဲခေါင်၊ ဖေဖေါ်ဝါရီ ၄
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ စစ်ရှောင်စခန်း၌ သောက်သုံးရေ ပြတ်လပ်ကာ ရေကြောင့်ဖြစ်သောရောဂါများလည်း စတင်ဖြစ်ပေါ်လာပြီဟု စစ်ရှောင်များကို တနိုင်တပိုင်ကူညီပေးနေသည့် အမျိုးသမီးတစ်ဦးကပြောသည်။
ဖရူဆိုအရှေ့ဘက်ခြမ်းသည် ရေအရင်းအမြစ်ရှားပါးသော ဒေသဖြစ်၍ မိုးရာသီတွင် စုဆောင်းရရှိထားသောရေများကို ဆောင်းရာသီနှင့် နွေရာသီများတွင် ပြန်လည်အသုံးပြုကြရသော ဒေသဖြစ်သည်။
ယခု နွေရာသီမရောက်သေးသော်လည်း သောက်သုံးရေပြတ်လပ်မှုစတင်ဖြစ်ပေါ်လာသဖြင့် စုဆောင်းထားသော သိုလှောင်ကန်က ရေကို ချွေတာသုံးနေရပြီး တစ်ရက်ကို အိမ်ထောင်စု အနည်းအများပေါ်မူတည်ကာ တစ်ရက်ကို ငါးဂါလံဆံ့ရေပုံးဖြင့် တစ်ပုံးကနေနှစ်ပုံးနှုန်း ခွဲတမ်းဖြင့်ရရှိသည်ဟုပြောသည်။
“ရေကတော်တော်ရှားတယ်၊ ရေနဲ့ပတ်သတ်တဲ့ ဝမ်းရောဂါတွေလည်း လတ်တလောမှာဖြစ်တာများတယ်၊ ယားနာတွေဖြစ်တာလည်းများတယ်၊ ရေသန့်မရှိတာကြောင့်ဖြစ်တာ၊ ရေချိုးဖို့တောင်မှ ဟိုးအဝေးကြီးမှာ တနေကုန်နေမှ တစ်ပုံးပဲရတဲ့ အနေအထားမျိုးရှိတယ်၊ ရေအလှူရှင်ရှိမှ အဆင်ပြေတာမျိုးပေါ့”ဟုသူကပြောသည်။
သိုလှောင်ထားသောရေမှ ခပ်ယူသုံးစွဲရမှုသည် ထမင်းဟင်းချက်ပြုတ်စားသောက်ဖို့အတွက် အဓိကဖြစ်ပြီး အဝတ်လျှော်၊ ရေချိုးဖို့အတွက် စစ်ရှောင်စခန်းနှင့် နှစ်မိုင်နှင့်အထက်ဝေးသော ရေထွက်ရှိရာနေရာသို့သွားရသည်။
သောက်သုံးရေနည်းပါးမှုနှင့် တကိုယ်ရည်သန့်ရှင်းမှု အားနည်းခြင်းကြောင့် ကလေးငယ်များ ယားနာနှင့် ဝမ်းရောဂါများဖြစ်ပွားနေကြသည်။
အခုလ တတိယအပတ်ခန့်တွင် ရေပြတ်လပ်နိုင်သဖြင့် ရေကို ဝယ်ယူသုံးစွဲရမည့် အခြေအနေမျိုးရှိလာသည်ဟုဆိုသည်။
ဖရူဆိုအရှေ့ဘက်ခြမ်းရှိ ခိုးလျေဆို စစ်ရှောင်စခန်း၌ အိမ်ခြေ ၁၉၀ ရှိပြီး လူဦးရေ ၈၀၆ ဦးနေထိုင်နေကာ ဒေါစော်ဗြေ စစ်ရှောင်စခန်း၌ အိမ်ခြေ ၁၄၄ စုရှိပြီး လူဦးရေ ၅၅၅ ဦးနေထိုင်နေသည်။
ကရင်နီပြည်၌ စစ်ဘေးရှောင်ပြည်သူ သုံးသိန်းကျော်ရှိနေပြီး စစ်ရှောင်ကာလ သုံးနှစ်ကျော်လာပြီဖြစ်၍ စားနပ်ရိက္ခာအခက်အခဲ၊ သောက်သုံးရေအခက်အခဲနှင့် ဆေးဝါးအခက်အခဲများ ကြုံတွေ့နေရကာ အလှူရှင်လာရောက်လှူဒါန်းမှုများလည်း နည်းပါးလာသည်ဟု စစ်ဘေးရှောင်ပြည်သူများမှတဆင့်သိရသည်။
မြူနှင်း
#MeKongNews








