စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲက ပြည်သူ့ဘက် ရပ်တည်ကူးပြောင်းလာသူများပြားလာ၊ ဇန်နဝါရီလအတွင်း ဗိုလ်မှုး၊ဗိုလ်ကြီး၊ဗိုလ်အပါအဝင် ၁၃၆ ဦးရှိ
မဲခေါင်၊ ဖေဖော်ဝါရီ ၄
ယမန်နှစ်၊ တစ်နှစ်တာကာလနှင့် ယခုနှစ်၊ ဇန်နဝါရီ တစ်လအတွင်း နှိုင်းယှဉ်ပါက စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြည်သူ့ဘက်ရပ်တည်ကူးပြောင်းလာသူ သုံးဆကျော်တိုးပွါး များပြားလာသည်။
ယမန်နှစ်၊ သြဂုတ်လကနေ ဒီဇင်ဘာလအထိ ပြည်သူဘက်ကိုရပ်တည်ကူးပြောင်းလာသူ ၂၃ ဦးမှ ၄၁ ဦးထိသာရှိခဲ့ပေမဲ့ ယခုနှစ်၊ ဇန်နဝါရီ တစ်လအတွင်း ဘက်ပြောင်းခိုလှုံခဲ့သူ ၁၃၆ ဦးအထိရှိလာသဖြင့် သုံးဆကျော်ပိုများနေပြီဖြစ်သည်။
ဗိုလ်မှူးတစ်ဦး၊ ဗိုလ်ကြီး လေးဦး၊ ဗိုလ် တစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၇ ဦးနှင့်ရဲတပ်ဖွဲ့ဝင် ကိုးဦး ၊ စုစုပေါင်း ၁၃၆ ဦး နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံ ဇန်နဝါရီလ ၁ ရက်မှ ၃၁ ရက်အတွင်း ပြည်သူဘက်ရပ်တည်ကူးပြောင်းလာသည်ဟု အမျိုးသားညီညွှတ်အစိုးရကထုတ်ပြန်သည်။
စစ်ကောင်စီတပ်၏ရာထူးတိုးမြင့်ခြင်းနှင့်တာဝန်ပေးအပ်ခြင်းလုပ်ငန်းများအရ ဗိုလ်မှူးအဆင့်သည် ဒုတိယ တပ်ရင်းမှူးတာဝန်ထမ်းဆောင်ရသော အဆင့်မြင့်အရာရှိဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြည်သူဘက်ကိုရပ်တည်ကူးပြောင်းလာခြင်းသည် တော်လှန်ရေးအင်အားတိုးပွားခြင်းဖြစ်ပြီး ကူးပြောင်းလာသူများလာသည့်အလျောက် ထောက်ပံ့မှုပိုင်း အခက်အခဲ ရှိကောင်းရှိနိုင်သော်လည်း ဘက်ပြောင်းခိုလှုံမှုအရေအတွက်များပြားလာခြင်းသည် တော်လှန်ရေးအတွက်ကောင်းမွန်သောလက္ခဏာဖြစ်ကြောင်း ပြည်သူ့ပန်းတိုင်ပြောခွင့်ရ CDM ဗိုလ်မှူးနောင်ရိုးက မဲခေါင်ကိုပြောသည်။
“ လက်ရှိနွေဦးတော်လှန်ရေးမှာ စစ်သားCDM တွေက ဇာတ်မြှုပ်နေသူနည်းတယ်၊ ကိုယ့်မြို့နယ်အလိုက်၊အရပ်ဒေသအလိုက် တော်လှန်ရေးတပ်တွေမှာပါဝင်နေတာတွေနဲ့ တော်လှန်ရေးကိုနောက်ကွယ်ကထောက်ပံ့နေတာတွေများတယ် ၊ တောင်ပိုင်းမှာလဲအဆင့်အလိုက် ဒုစစ်ကြောင်းမှူးအဆင့်ထိတာဝန်ထမ်းဆောင်နေတာရှိတယ်” ဟုသူကပြောသည်။
ပြည်သူဘက်ကိုရပ်တည်ကူးပြောင်းလာသူ ၁၃၆ ဦးအနက် ၈၃ ဦးသည် လက်နက်ခဲယမ်းများယူဆောင်လာခဲ့သောကြောင့် တန်ဖိုးအလိုက် ဂုဏ်ပြုငွေချီးမြင့်ခဲ့သည်ဟုသိရသည်။
မြန်မာနိုင်ငံတဝှမ်းက တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားသေဆုံးနေသော်လည်း စစ်ခေါင်းဆောင်နဲ့ခေါင်းဆောင်ပိုင်းများမှာ မိမိနေအိမ်တွင် လုံခြုံရေးများ၊ မိုင်းဖျက်စက်များဖြင့်လုံခြုံစွာနေထိုင်နေသောကြောင့် အောက်ခြေတပ်ဖွဲ့ဝင် အလင်းဝင်ရောက်သူများပြားနေခြင်းဖြစ်ကာ ဆက်လက်ဝင်ရောက်မှုရှိနိုင်သည်ဟု မဲခေါင်၏ နေပြည်တော်စစ်ဘက်သတင်းအရင်းအမြစ်ကပြောသည်။
“CDMလုပ်ချင်သူတွေအများကြီးရှိနေတယ်၊ အများစုကမိသားစုကြောင့်ရုန်းမထွက်နိုင်ကြတာရယ်၊ အလစ်မပေးလို့မထွက်နိုင်ကြတာရယ်ပေါ့၊ စစ်သားတွေစိတ်ဓာတ်ပျက်နေပြီ” ဟုသူကဆိုသည်။
၂၀၂၁ အာဏာသိမ်းပြီးချိန်ကနေ လက်ရှိအချိန်အထိ ပြည်သူဘက်ရပ်တည်ကူးပြောင်းလာသသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲတပ်ဖွဲ့ဝင်နှင့် ပြည်သူ့စစ်ဦးရေ ၁၆,၀၀၀ အထက်တွင်ရှိနေကြောင်း ဗိုလ်မှူးနောင်ရိုးကဆိုသည်။
အာဏာသိမ်းကာစမှစ၍ တော်လှန်ရေး ၄ နှစ်တာကာလအတွင်း CDM ဝင်ရောက်လာသူစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြန်မာနိုင်ငံအရပ်ရပ်မှတော်လှန်ရေးနယ်မြေများတွင် တာဝန်ထမ်းဆောင်နေကြပြီး ပြည်သူ့ပန်းတိုင်မှာ အရေးပေါ်နေအိမ်၊ ရိက္ခာထောက်ပံ့မှု၊ အသက်မွေးဝမ်းကျောင်းအတတ်ပညာများ သင်ကြားပေးလျက်ရှိသည်။
ဂနိုက်
#MeKongNews









