ထိုင်းနိုင်ငံထဲဝင်ရောက်မည့်သူများထဲမှ ရခိုင်၊ ကိုးကန့်နှင့် ဧရာဝတီမှတ်ပုံတင်ကိုင်ဆောင်ထားသူများ တာချီလိတ်-မယ်ဆိုင်တံတားမှာ ဖြတ်သန်းခွင့် စိစစ်ကြပ်မတ်နေ
မဲခေါင်၊ ဖေဖော်ဝါရီ ၂
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မှ ထိုင်းနိုင်ငံ၊ မယ်ဆိုဘက်ကို ရခိုင်နှင့် ကိုးကန့်လူမျိုးအပါအဝင် ဧရာဝတီတိုင်းမှတ်ပုံတင်ကိုင်ဆောင်သူများ နယ်စပ်ဖြတ်သန်းခွင့် ရရန်ခက်ခဲမှုများရှိနေကြောင်း သိရသည်။
၁၁/မှတ်ပုံတင်၊၁၃/ မှတ်ပုံတင်နှင့် ၁၄/မှတ်ပုံတင် ကိုင်ဆောင်သူများအနေဖြင့် ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာနှင့်ပြည်နယ်ထောက်ခံစာများ ပါရှိရမည်ဟုနယ်စပ်ဖြတ်သန်းခဲ့သူတစ်ဦးက ပြောသည်။
၂၀၂၄ခုနှစ်၊ နိုဝင်ဘာလကတည်းက အဆိုပါမှတ်ပုံတင်ကိုင်ဆောင်သူများကို နယ်စပ်ဖြတ်သန်းခွင့်အထူးကြပ်မတ်ခဲ့သည်ဟုဆိုသည်။
ကိုးကန့်ဒေသနှင့်ရခိုင်ဒေသ၌ စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ စစ်ရေးတင်းမာမှုတွေရှိနေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ပြည်ပထွက်ခွာမှာစိုးရိမ်တာကြောင့် ကန့်သတ်တာဖြစ်နိုင်တယ်လို့ တံတားကိုကိုယ်တိုင်ဖြတ်သန်းသူတစ်ဦးက ယူဆပါတယ်။
လက်ရှိတွင် ကိုးကန့်တပ်နှင့် စစ်ကောင်စီအပစ်အခတ်ရပ်စဲရေး နှစ်ဘက်သဘောတူညီရရှိထားကာ ရခိုင်ပြည်နယ်အတွင်းက မြို့နယ်သုံးမြို့နယ်ကလွဲပြီး ကျန်မြို့နယ်များကို အာရက္ခတပ်တော်(AA)နှင့် PDF များကသိမ်းပိုက်အပြီး လက်ရှိမှာ ဧရာဝတီတိုင်းထဲကို ထိုးဖေါက်တိုက်ခိုက်နေပြီဖြစ်သည်။
တာချီလိတ်မြို့နေထိုင်သူများအနေဖြင့် တစ်ရက်တာ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ကိုင်ဆောင်ကာ နယ်စပ်ဖြတ်သန်းခွင့်ရရှိကြသည်။ ကြပ်မတ်ထားသောမှတ်ပုံတင်ကိုင်ဆောင်သူများမှာ နိုင်ငံကူးလက်မှတ်၊ နေထိုင်ခွင့်ဗီဇာအပြည့်အစုံပါသော်လည်း သေသေချာချာမဖြေနိုင်ပါက ဖြတ်သန်းခွင့်မရကြောင်း တာချီလိတ်မြို့ခံတစ်ဦးကပြောသည်။
စစ်ကောင်စီက စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် လူငယ်တွေနိုင်ငံခြားထွက်ခွာမှုများပြားလာတာကြောင့် စစ်မှုထမ်းသတ်မှတ် အသက်ပြည့်မီသူများကို နိုင်ငံခြားထွက်ခွင့်ပိတ်ရန် စစ်ကောင်စီကညွှန်ကြားခဲ့သည်။
စစ်မှုထမ်းသတ်မှတ်အရည်အချင်းပြည့်မီသူများအနေဖြင့် တော်လှန်ရေးတပ်များနှင့်ဆက်သွယ်ဝင်ရောက်ခြင်း၊ တရားဝင်လမ်းကြောင်းအပြင် တရားမဝင်လမ်းကြောင်းများကပါ ထိုင်းနိုင်ငံကို ထွက်ခွာသူများပြားလာသည်။
အခုနှစ်၊ ဇန်နဝါရီလက မြန်မာနိုင်ငံသား ၄၀ ခန့်ကို တာချီလိတ်ရဲများ မယ်ဆိုင်အထိ ဝင်ရောက်ဖမ်းဆီးကာ ဆိုင်ရာ ပြည်ပအလုပ်အကိုင်ပို့ဆောင်ရေး အေဂျင်စီကို ဖုန်းဆက်ခေါ်ယူပြီး ငွေနဲ့ပြန်ရွေးခိုင်းတာတွေ လုပ်ဆောင်နေသည်။
ပြည်သူစစ်မှုထမ်းစနစ်အရ စစ်မှုထမ်းဖို့ကန့်သတ်အသက်ပြည့်မီတဲ့ လူငယ် လူရွယ်တွေပြည်ပထွက်ခွါခွင့်ကို ၂၀၂၅ခုနှစ်၊ ဇန်နဝါရီ ၂၃ ရက်မှာ ရပ်ဆိုင်းကန့်သတ်ကြောင်း စစ်ကောင်စီကထုတ်ပြန်ပြီးနောက်ပိုင်း အခုလိုပြုလုပ်လာတာဖြစ်ပါတယ်။
တာချီလိတ်-မယ်ဆိုင်နယ်စပ်မှဖြတ်သန်းလိုသူများအနေဖြင့် ကျပ်ငွေ ၂,၆၀၀,၀၀၀ ခန့်ကနေ သိန်း ၃,၀၀၀,၀၀၀ အထိကုန်ကျကာ နယ်လှည့်ခရီးသွားဗီဇာ(TRVisa)ကြိုတင်လျှောက်ရပြီး တာချီလိတ်မြို့သို့ လေယာဉ်နှင့်လာရောက်ကာ မယ်ဆိုင်ဘက်သို့ပွဲစားနှင့်ကူးရသည်ဟုဖြတ်သန်းခဲ့သူတစ်ဦးကပြောသည်။
ဂနိုက်
#MeKongNews








