စစ်ကောင်စီက ရွာလုံးကျွတ်မီးရှို့ခဲ့တဲ့ မင်းပလောင်ရွာက စစ်ဘေးရှောင် ၇၀၀ ဝန်းကျင် အကူအညီလိုအပ်နေ
မဲခေါင်၊ ဇန်နဝါရီ ၃၀
စစ်ကောင်စီက တစ်ရွာလုံးမှာရှိတဲ့ လူနေအိမ် ၂၀၀ ဝန်းကျင်ကို ပြာကျတဲ့အထိ မီးရှို့ခဲ့တဲ့ ရှမ်းပြည်တောင်ပိုင်း၊ ဓနုဒေသ၊ ရွာငံမြို့နယ်၊ မင်းပလောင်ကျေးရွာက စစ်ရှောင် ၇၀၀ ဝန်းကျင် စားဝတ်နေရေးအတွက် အကူအညီတွေလိုအပ်နေပါတယ်။
စားနပ်ရိက္ခာ၊ အဝတ်အထည် အသုံးအဆောင်နဲ့ ဆေးဝါး အကူအညီတွေ လိုအပ်နေတယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) ပြန်ကြားရေးတာဝန်ခံ ကိုကျားပျံက မဲခေါင်ကို ပြောပါတယ်။
“အခု စစ်ဘေးရှောင်ပြည်သူတွေက တောထဲမှာ တဲထိုးပြီးနေနေတယ်၊ ပြန်လည်နေရာချထားရေးအတွက် ကျနော်တို့အနေနဲ့ ကြိုးစားနေပါတယ် ” လို့ သူကပြောပါတယ်။
ဒီနေ့(ဇန်နဝါရီလ ၃၀) မှာ DSNDF/DSNDA အနေနဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် လိုအပ်တဲ့ မိုးကာ (၄၀)၊ ဆန် (၁၀) တင်းနဲ့ နွေရာသီစပါးစိုက်ပျိုးရန် စပါးမျိုးစေ့ တင်း (၅၀) ထောက်ပံ့ကူညီခဲ့တယ်လို့ DSNDA ကထုတ်ပြန်ပါတယ်။
ရွာအနီးမှာ တိုက်ပွဲဖြစ်ပွါးခဲ့တာကြောင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နဲ့ ၂၃ ရက်တွေမှာ ကလောအခြေစိုက် စစ်ကောင်စီနဲ့ သူ့ရဲ့လက်အောက်ခံ ပျူစောထီးတပ်တွေက အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိတဲ့ မင်းပလောင်ကျေးရွာကို ရွာလုံးကျွတ် မီးရှို့ခဲ့တာဖြစ်ပါတယ်။
MK-017
#MeKongNews









