မိုင်းဆတ်မှာ မူးယစ်ဆေးနဲ့ တွဲဖွင့်တဲ့ KTV တွေ ထပ်တိုးဖွင့်လှစ်နေ၊ မိန်းကလေးငယ်တွေ ပျက်စီးလာမှာကို မြို့ခံတွေ စိုးရိမ်နေ
မဲခေါင်၊ ဇန်နဝါရီ ၂၈
ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့မှာ KTV နဲ့ Bar တွေ ထပ်တိုးဖွင့်လှစ်နေတာကြောင့် လူငယ်အမျိုးသားတွေနဲ့ အထူးသဖြင့် အမျိုးသမီးငယ်တွေ အတုမြင် အတတ်သင်ဆိုသလို အကျင့်စာရိတ္တပျက်ယွင်း ပျက်စီးလာမှာကို ဒေသတွင်းက စိုးရိမ်နေကြတယ်လို့ မဲခေါင်ကို ပြောပါတယ်။
IDOL KTV တစ်ခုရှိနေတဲ့ မိုင်းဆတ် ဝိန်းနေရပ်၊ ကုန်းကလားနဲ့ ကွက်သစ်မှာ KTV အသစ်နှစ်ခု ထပ်တိုး ဖွင့်လှစ်တာဖြစ်ပြီး တောင်ပေါ်ရွာတွေက အမျိုးသမီးငယ်တွေ အများအပြား မြို့ပေါ်အိမ်ငှားနေထိုင်ကာ KTV တွေကို အမှီပြုပြီး စီးပွားရှာနေကြတာလို့သိရပါတယ်။
“—မလေးတွေ လေးငါးဆယ်လောက်ရှိမယ်(အရေအတွက်)၊ KTV ကနေ လိုင်းလုပ်နေကြတာ၊ တစ်ခါခေါ် ဘတ်သုံးလေးထောင်၊ လိုက်ရင်တောင် K ပါလား၊ ဟက်ပီး ပါလားမေးကြသေးတာ၊ မပါရင် သိပ်စိတ်မဝင်စားကြဘူး၊ အဲလောက်ဖြစ်နေကြပြီ၊ KTV တွေ ထပ်ဖွင့်ရင် ထပ်များလာမှာပဲ” လို့ မိုင်းဆတ် ဒေသခံတစ်ဦးက မဲခေါင်ကို ပြောပါတယ်။
KTV နဲ့ ဘားတွေမှာ HIGH Drugs တွေတွဲဘက်ပါဝင်လာနေပြီး အဓိကမှာ K ခေါ်ကက်တမင်းနဲ့ Happy water တွေအများဆုံးပါဝင်နေတဲ့ အမိန့်ရမူးယစ်စျေးကွက် ဖြစ်နေတာလို့ သူက ထောက်ပြပါတယ်။
“ အချိန်တိုအတွင်း အမြတ်များပြီး အာဏာရှိသူတွေနဲ့ပေါင်းစားနိုင်တာ၊ ငွေမဲကနေငွေဖြူလုပ်နိုင်တာ၊ ပြီးတော့ မူးယစ်ဆေးက လမ်းမှာ အိမ်မှာ တွေ့ရင်သာ ဖမ်းတာ KTV နဲ့ဘားမှာတော့ ပြောင်ရောင်းနေလည်းမဖမ်းဘူးလေ”လို့ ဆိုပါတယ်။
ဖွင့်လှစ်နေတဲ့ KTV နဲ့ဘားတွေဟာ တရားဝင်မဟုတ်ပဲနားလည်မှုနဲ့သာ ဖွင့်လှစ်နေတာဖြစ်ပြီး တရား ဝင်ဖွင့်ခွင့်ရဖို့ မလွယ်ကူဘူးလို့ ဆိုပါတယ်။
မိုင်းဆတ်မြို့ဟာ KTV မြို့တော်ဖြစ်တဲ့ တာချီလိတ်နဲ့မိုင် ၁၀၂ သာကွာဝေးပြီး နယ်မြေဆက်စပ်နေကာ လက်ရှိမှာ KTV အသစ်နှစ် ခုအပါအဝင် KTV ရှစ်ခုရှိပြီဖြစ်ပါတယ်။
MK-012
#MeKongNews








