မိုင်းတုံ၊ လွယ်ချီလိတ်ဘက်မှာ ဘိန်းဧကပေါင်းများစွာ ဖျက်ဆီးရန် ကျန်ရှိနေသေး
မဲခေါင်၊ ဇန်နဝါရီ ၂၃
ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံခရိုင်မှာ ဘိန်းစိုက်ခင်း ဧကရာချီရှိတဲ့အထဲကမှ ဧက ၅၀ ကျော်သာ အယောင်ပြ ဖျက်ဆီးခဲ့ပြီး လွယ်ချီလိတ်ဘက်မှာ ဖျက်ဆီးရန် စိုက်ခင်းပေါင်းများစွာ ကျန်ရှိနေသေးတယ်လို့ ဒေသခံသတင်းအရင်းအမြစ်က ပြောပါတယ်။
ဖျက်ဆီးခဲ့တဲ့ ဧက ၅၀ ကျော်ဟာ အထွက်နှုန်း လျော့နည်းနိုင်တဲ့ပုံစံမျိုးရှိတဲ့ ဘိန်းခင်းနဲ့ ပိုင်ရှင်ခွင့်ပြုတဲ့ ဘိန်းခင်းတွေကိုသာ ဖျက်စီးခဲ့တာဖြစ်ပြီး ဖျက်ဆီးခဲ့တဲ့ ဘိန်းခင်းပိုင်ရှင်တွေကို ပြည်သူ့စစ်နဲ့ ရပ်ကျေးဥက္ကဌတွေက ထောက်ပံ့ကြေးပေးရတယ်လို့ သတင်းအရင်းအမြစ်ကပြောတယ်။
ဒီအပြင် ဖျက်ဆီးရမယ့် ဘိန်းခင်းတွေကို စစ်ကောင်စီက မြေပုံညွှန်းနဲ့ သတ်မှတ်ပေးတယ်လို့လည်း ပြောပါတယ်။
ရွှေတောင်၊ ဖာဖဲ့၊ တောင်သုံးလုံး၊ မိုင်းကန်၊ မဲကင်နဲ့ နားကောင်းမူး ဘက်တွေက လမ်းဘေးကျတဲ့ဘိန်းခင်းအချို့ကိုသာ မနှစ်က ဒီဇင်ဘာမှာ ဖျက်ဆီးခဲ့တာဖြစ်ပြီး လမ်းနဲ့အလှမ်းဝေးပြီး တောင်စောင်းမှာ ဘိန်းခင်းတွေအများအပြားရှိတဲ့ လွယ်ချီလိတ်ဘက်ကို ခုထိ ဖျက်ဆီးတာ မရှိသေးပါဘူး။
လက်ရှိ ဘိန်းဒေသပေါက်စျေးမှာ တစ်ကျပ်သားကို ကျပ်သုံးသောင်းကျော်ရှိပြီး တစ်ပိဿာ ကျပ်သိန်းသုံးဆယ်ပေါက်နေတယ်လို့ သိရပါတယ်။
ဘိန်းစိုက်တောင်သူတွေအနေနဲ့ တောင်ယာစိုက်ပျိုးတာက စားဖို့ အတွက်သာဖြစ်ပြီး ဘဝလိုအပ်ချက်တွေအတွက် ဘိန်းစိုက်မှသာ အဆင်ပြေတယ်လို့ သိရပါတယ်။
ဘိန်းမဲ ၁၁ ကီလိုကို ဓာတုနည်းနဲ့ ချက်လုပ်ပါက ဘိန်းဖြူ တစ်ကီလိုရရှိကာ ဘိန်းဖြူ လိုအပ်ချက်အတွက် ဘိန်းမဖြစ်မနေစိုက်ဖို့ လားဟူ ပြည်သူ့စစ်တွေက ခိုင်းစေနေပြီး ထွက်သမျှထဲက ရာခိုင်နှုန်းပေးရတယ်လို့ သိရပါတယ်။
မြန်မာဟာ ဘိန်းနဲ့ဘိန်းဖြူ အဓိကအရင်းအမြစ်နိုင်ငံအဖြစ် ရပ်တည်နေပြီး တစ်နိုင်ငံလုံးဘိန်းထွက်ရှိမှုမှာ ရှမ်းပြည်နယ်က ၈၈ ရာခိုင်နှုန်းရှိနေတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ရာဇဝတ်မှုဆိုင်ရာရုံး UNODC ရဲ့ ၂၀၂၄ ခုနှစ်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
MK-012
#MeKongNews









