ဆီဆိုင်မြို့မှာ ကူးစက်လွယ်ရောဂါနှစ်မျိုး ပျံ့ပွါးနေ
မဲခေါင်၊ ဇန်နဝါရီ ၂၁
ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့ပြည်သူတွေ အထက်လှန်အောက်လျှော ဝမ်းရောဂါနဲ့ ပါးချိတ်ရောင်ရောဂါတွေ ကူးစက်ပျံ့ပွါးနေတယ်လို့ သိရှိရပါတယ်။
ခန့်မှန်း ကလေး ၄၀၀ ဝန်းကျင်နဲ့ လူကြီး ၃၀၀ နီးပါးရှိတယ်လို့ ဆီဆိုင်မြို့မှာ ပရဟိတလုပ်ဆောင်နေသူတစ်ဦးက ပြောပါတယ်။
သုံးရေကြောင့်လည်းဖြစ်နိုင်သလို ဆီဆိုင်မြို့ရဲ့ ဆင်ခြေဖုံးရပ်ကွက်ရပ်ကွက်တွေမှာ အိမ်သာမသန့်ရှင်းတာတွေကြောင့်လည်း ဖြစ်နိုင်တယ်လို့ ပရဟိတလုပ်ဆောင်သူက ယူဆပါတယ်။
သုံးရေအတွက် ကန်ရေကိုသာ အသုံးပြုနေရပြီး ရေကန်ကို ပြန်လည်ရှင်းလင်းတူးဖော်ရေးတွေလုပ်နေသလို စစ်ကောင်စီရဲ့ စည်ပင်သာယာက ရေသွယ်တန်းစနစ်နဲ့ ရေဖြန့်ဝေပေးနေတာ ရှိပေမယ့် ရေသန့်ရှင်းမှုအားနည်းတယ်လို့ သိရပါတယ်။
ရောဂါဖြစ်ပွါးနေသူတွေနဲ့ ရောဂါကူးစက်မခံရသေးသူတွေအတွက် ကုသဆေး ကာကွယ်ဆေးနဲ့ ကုသရေးတွေလိုအပ်နေပါတယ်။
အထက်လှန်အောက်လျှောရောဂါဟာ ဗိုင်းရပ်စ်၊ ဘက်တီးရီးယားနဲ့ ကပ်ပါးပိုးတွေကြောင့် ဖြစ်တတ်ပြီး ကူးစက်လွယ်တဲ့ ရောဂါလည်းဖြစ်ပါတယ်။ အထက်လှန်အောက်လျှောဖြစ်တဲ့သူအနေနဲ့ ရောဂါလက္ခဏာပြပြီး နှစ်ရက်အကြာအထိ အခြားသူတွေကို အလွယ်တကူ ကူးစက်စေနိုင်ပါတယ်။ ရောဂါပိုးရှိသူနဲ့ အနီးကပ်နေတာကြောင့် သူ့ရဲ့ အန်ဖတ်တွေ၊ မစင်တွေကနေတဆင့် ရောဂါကူးစက်နိုင်တာ၊ ရောဂါပိုးရှိတဲ့အရာဝတ္ထုတွေ၊ ပစ္စည်းတွေကို ကိုင်တွယ်ပြီး လက်ကို စနစ်တကျမဆေးပဲ အစာစားတာ၊ မသန့်တဲ့ အစားအသောက်တွေ စားမိတာ၊ ပိုးရှိသူက လက်မဆေးပဲ အစားအစာ ခူးခပ်ပြင်ဆင်ပေးတာ၊ အစားအစာတွေကို စနစ်တကျ သိုလှောင်ခြင်း မရှိတာနဲ့ အစားအစာကို ကျက်အောင်မချက်တာ တွေကြောင့် အထက်လှန်အောက်လျှောဖြစ်စေတတ်ပါတယ်။
ပါးချိတ်ရောင်ရောဂါဟာ တံတွေးဂလင်းတွေမှာ ဗိုင်းရပ်စ်ပိုးတွေ ကူးစက်ခံရလို့ ဖြစ်တဲ့ရောဂါဖြစ်ပြီး ကလေးငယ်တွေမှာ အဖြစ်များပေမယ့် လူကြီးတွေမှာ ဖြစ်ရင်ပိုပြီးခံစားရခက်ပါတယ်။ ဒီရောဂါဟာ ကူးစက်တတ်တဲ့ ရောဂါဖြစ်ပေမယ့် ကူးစက်မှုအသင့်အတင့်သာ ဖြစ်တတ်ပါတယ်။
ချောင်းဆိုးတာ ဒါမှမဟုတ် နှာချေတာတွေကနေတဆင့် ရောဂါကူးစက်တတ်ပါတယ်။ ဗိုင်းရပ်စ်နဲ့ ထိတွေ့ပြီး ၁၈ ရက် လောက်ကြာမှ ရောဂါလက္ခဏာတွေ စဖြစ်တတ်ပါတယ်။ ဗိုင်းရပ်စ်နဲ့ ထိတွေ့ပြီးနောက်ပိုင်း ရောဂါလက္ခဏာမပြခင် ၂ ရက်ကနေ ရောင်ရမ်းတာ သက်သာတဲ့အချိန်ထိ သူတစ်ပါးကို ပြန်လည်ကူးစက်နိုင်ခြေ များပါတယ်။ ပါးချိတ်ရောင်ရောဂါဖြစ်နေတဲ့လူနာကို ရောဂါမဖြစ်ဖူးသေးသူတွေနဲ့ သီးခြား ခွဲထားသင့်ပါတယ်။
MK-017
#MeKongNews








