ပြည်ထောင်စုဝန်ကြီးတွေကိုသာ စစ်ခေါင်းဆောင် ပွဲထုတ်နေ
မဲခေါင်၊ ဇန်နဝါရီ ၁၆
စစ်ကောင်စီဟာ ပြည်ထောင်စုဝန်ကြီးတွေကိုသာ အခမ်းအနားများမှာ ပွဲထုတ်နေပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းတို့ကို သူတို့ဝါဒဖြန့် မီဒီယာတွေမှာ မတွေ့ရတာ ရက်ပိုင်းကြာမြင့်နေပါပြီ။
ဗိုလ်ချုပ်ကြီးတင်အောင်စန်းကို ဇန်နဝါရီလ ၇ ရက်က နေပြည်တော်မှာပြုလုပ်တဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်အစည်းအဝေးနဲ့ ဇန်နဝါရီလ ၁၂ ရက်မှာ ပူတာအိုမြို့ကိုထပ်မံသွားရောက်ခဲ့ကာ ဇန်နဝါရီလ ၁၅ ရက် ကယားပြည်နယ်နေ့အတွက် လွိုင်ကော်မြို့ကို ထပ်မံစေလွှတ်ခဲ့တာပါ။
ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းကို ဇန်နဝါရီလ ၁ ရက်နေ့ကစတင်ကာ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ တွေ့ရခြင်းမရှိပါဘူး။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုတော့ ဇန်နဝါရီလ ၁၁ ရက်နေ့မှာ မန္တလေးတိုင်း၊ ချမ်းအေးသာဇံမြို့နယ် မဟာဝိဇိတာရုံပရိယတ္တိစာသင်တိုက်ကို နောက်ဆုံးသွားရောက်တာကိုပဲ တွေ့ရပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကိုလည်း ဇန်နဝါရီ ၇ ရက် နေပြည်တော်မှာ သံရုံးကိုယ်စားလှယ်တွေတဲ့ တွေ့ဆုံတဲ့ပွဲမှာ နောက်ဆုံးတွေ့ရပါတယ်။
ဒုတိယ စစ်ခေါင်းဆောင်စိုးဝင်းကို ရှေ့တန်းတပ်နယ်တွေဆီ မကြာခဏစေလွှတ်လေ့ရှိပြီး စစ်ခေါင်းဆောင်ကိုယ်တိုင်ကလည်း တရုတ်နိုင်ငံခရီးစဉ်အပါအဝင် ပွဲအခမ်းအနားတွေကို လူမြင်ကွင်းမှာပြသလေ့ရှိပေမယ့် လက်ရှိမှာတော့ ပျောက်ဆုံးနေပါတယ်။
စစ်ခေါင်းဆောင်တွေပျောက်ဆုံးနေတာက နိုင်ငံရေးအခင်းအကျင်းပုံစံအသစ်အတွက် ပြင်ဆင်နေတာဖြစ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်က မဲခေါင်သတင်းကိုပြောပါတယ်။
“ကျနော်တို့အနေနဲ့ မြင်တာကတော့ဗျာ သူတို့(စစ်ကောင်စီ)အနေနဲ့က ဒီ ၂၀၂၅ထဲမှာ အတုအယောင်ရွေးကောက်ပွဲလုပ်ဖို့ပြင်ဆင်နေတာတွေရှိတယ်။ အဲ့တော့ နိုင်ငံရေးအခင်းအကျင်းပုံစံအသစ် တခုပေါ့နော်။ စစ်ခေါင်းဆောင်ကနေပဲ သူ့သက်တမ်းကို ဆက်တိုးနေတာမဟုတ်ဘဲနဲ့ နိုင်ငံရေးအခင်းအကျင်းပုံစံအသစ်ကို ရွေ့ပြောင်းရတော့မယ့် အခြေအနေတခုပေါ့နော်။ အဲ့အတွက်ဘာတွေကြိတ်ပြီးပြင်ဆင် နေလဲတော့မသိဘူး” လို့ဆိုပါတယ်။
စစ်ခေါင်းဆောင်က ဇန်နဝါရီလ ၁၅ ရက်နေ့က ကယားပြည်နယ်နေ့ကို ပေးပို့တဲ့သဝဏ်လွှာမှာ ပါတီစုံရွေးကောက်ပွဲ မဖြစ်မနေလုပ်မှာဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
စစ်ခေါင်းဆောင်တွေအနေနဲ့ နိုင်ငံရေးထွက်ပေါက်ဖြစ်တဲ့ ရွေးကောက်ပွဲကျင်းပရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို ဇောင်းပေးပြောဆိုနေပေမဲ့ တဖက်မှာတော့ နိုင်ငံရေးဆွေးနွေးပွဲတွေအောင်မြင်တာမျိုးမတွေ့ရသေးပဲ အားလုံးပါဝင်ရေးလို့သာကြွေးကြော်နေပေမဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးခေါင်းဆောင်တွေကို ဆက်လက်ဖမ်းဆီးထားတဲ့အတွက် နိုင်ငံရေးတိုးတက်ဖွယ်မရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကပြောပါတယ်။
ဇန်နဝါရီလ ၁၅ ရက် မနေ့က ကယားပြည်နယ်နေ့ကိုတက်ရောက်လာတဲ့ နိုင်ငံတော်ဒုတိယဝန်ကြီးချုပ် တင်အောင်စန်း လွိုင်ကော်မြို့ကိုရောက်ရှိ ညစာစားနေတဲ့ ပြည်နယ်ခန်းမကို ဇန်နဝါရီလ ၁၄ ရက်ညပိုင်းက တော်လှန်ရေးတပ်တွေက ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ပစ်ခတ်ခဲ့ပြီး အထိအခိုက်တော့မသိရသေးပါဘူး။
စစ်တပ်က ပွဲထုတ်နေတဲ့ ဗိုလ်ချုပ်ကြီးတင်အောင်စန်းဟာ ယခင်က ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး တာဝန်တွေယူခဲ့ပြီး လက်ရှိမှာ နိုင်ငံတော်ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် အဖြစ်ရှိနေတာပါ။
MK – 016
#MeKongNews








