ရှမ်းအရှေ့ လူငယ်တွေရဲ့ နေ့စဉ်ဖြတ်သန်းမှုမှာ ဘိန်းစာရည်က နေရာယူလာသလို စီးပွါးဖြစ် စိုက်ပျိုးပင်လည်းဖြစ်လာ
မဲခေါင်၊ ဇန်နဝါရီ ၁၆
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်အပါအဝင် မြို့နယ်တချို့ရဲ့ မူးယစ်ဆေးဝါးစျေးကွက်မှာ ဘိန်းစာရွက်ရည်ဟာ ကျောင်းသားအရွယ်လူငယ်တွေရဲ့ နေ့စဉ်ဖြတ်သန်းမှုမှာ မရှိမဖြစ် စားသောက်ဖွယ်ရာတစ်ခုပမာ နေရာယူလာပါတယ်။
မိဘတွေဘက်က အန္တရာယ် ကြီးမားတဲ့ အနေအထားရောက်လာမှာကို စိုးရိမ်နေကြတဲ့ ဘိန်းစာပင်ထွက်ပစ္စည်းဟာ မြန်မာနိုင်ငံမှာ တားမြစ်ဆေးအဖြစ်တည်ရှိနေပါသေးတယ်။
ကျောင်းသားလူငယ်တွေ လွယ်လင့်တကူ ဝယ်ယူသောက်သုံးနိုင်လောက်အောင် ဘိန်းစာရည်ကို လမ်းဘေးစားသောက်ဆိုင်တွေ နဲ့ စာသင်ကျောင်းအနီးဝန်းကျင်တွေမှာပါ ရောင်းချနေကြတာပါ။
“ ကလေးတွေက မုန့်ဖိုးကို အဲတာပဲ ဝယ်သောက်နေကြတာ၊ ခက်တာက ထိုင်းဘက်မှာက ဘိန်းစာရည်ကို မဖမ်းတော့ တရားဝင်လိုဖြစ်နေတာလေ၊ ဒီမှာသာဖမ်းနေတာကိုး၊ ပြီးတော့ လမ်းဘေးမှာ တရားဝင်လိုရောင်းနေတာ” လို့ တာချီလိတ် မကာဟိုခမ်းရပ်ကွက်နေသူတစ်ဦးကပြောပါတယ်။
ဘိန်းစာရည်အရောင်းဆိုင်တွေက လိုင်းကြေးအဖြစ် ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရဲကို တစ်ဆိုင်ကို တစ်လ ဘတ်တစ်သောင်းခွဲပေးရပါတယ်။ ဘိန်းစာရည်ရောင်းဈေးကတော့ လက်ရှိမှာ တစ်လီတာကို ဘတ် ၅၀ ဖြစ်ပြီး နိုင်ငံတဝှမ်းမှာ လက်ညှိုးထိုးလို့မလွဲတဲ့ ကွမ်းယာဆိုင်တွေလို ရောင်းအားကောင်းတဲ့ ပစ္စည်းဖြစ်လို့ ရောင်းချသူတွေလည်းပေါများလာတယ်လို့ ဒေသခံတွေကပြောပါတယ်။
“ အိမ်က ကလေးက အဲတာပဲသောက်နေတာ၊ မသောက်နဲ့ပြောရင် အမေကိုယ်တိုင်သောက်ကြည့်ဆိုပြီးပြန်ပြောတယ်၊ သောက်လိုက်ရင်နေလို့ကောင်းပြီး အေးချမ်းသလိုဖြစ်တာ၊ ဒါကိုကလေးတွေက ကြိုက်နေတာ၊ ပြောရခက်တယ်” လို့ ဒေသခံ မိခင်တစ်ဦးက ပြောပါတယ်။
ဘိန်းစာရည်ကို တာချီလိတ်ကဲ့သို့ပင် မိုင်းတုံမြို့၊ နားကောင်းမူး အထက်တန်းကျောင်းက ကျောင်းသားတွေ ကျောင်းဆင်းတိုင်း ဝယ်သောက်ပြီးမှ အိမ်ကိုပြန်တဲ့အထိ ဖြစ်နေပြီလို့ဒေသခံ ဖခင်တစ်ဦးက မဲခေါင်ကိုပြောပါတယ်။
“ မိဘကပြောရင် နားမထောင်ချင်ဘူး၊ မူးယစ်ဆေးအသိပညာပေးတာလဲ မရှိတော့ဘူး၊ ကလေးတွေ မူးယစ်နွံထဲနစ်နေတာ၊ ပြီးတော့ တချို့ဆို စိုက်ပြီးတောင်ချက်လုပ်လာနေကြတာ” လို့ပြောပါတယ်။
တချိန်က အလေ့ကျပေါက်ပင်ဖြစ်တဲ့ ဘိန်းစာပင်ကို နားကောင်းမူးရဲ့ အနောက်ဘက် လွယ်ချီလိတ်ဘက်မှာ စီးပွါးဖြစ်စိုက်ပျိုးရေးပမာ ဧကနဲ့ချီစိုက်ပျိုးနေကြပြီလို့သိရပါတယ်။
တနသ်ာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်ထဲက မနိုးရုံးကျေးရွာအုပ်စု၊ ဘန်ကလားကျေးရွာအုပ်စုနဲ့ အခြားကျေးရွာအုပ်စုတွေမှာလည်း အာဏာသိမ်းပြီးနောက်ပိုင်း ဘိန်းစာပင်ကိုစီးပွါးဖြစ်စိုက်ပျိုးရေးပမာ များပြားစွာစိုက်ပျိုးကြပြီး ဘိန်းစာရွက်ကို ပြုတ်သောက်ကြသလို အစိမ်းစားသူတွေလည်းရှိတယ်လို့ Dawei Watch ကဇန်နဝါရီ ၉ ရက်မှာဖေါ်ပြပါတယ်။
၂၀၂၄ခုနှစ်၊ နှစ်ကုန်ပိုင်းက ဘိန်းစာရွက် ထုတ်လုပ်ရောင်းချတဲ့ ပုံပါကျင်နဲ့နားကောင်းမူးက နှစ် ဦးကို ထောင်ဒဏ်၂၂နှစ်စီချတာရှိခဲ့ပေမယ့် စျေးကွက်ကတော့ နည်းမသွားဘူးလို့ ပြောပါတယ်။
နှစ်သစ်ကူးနေ့က ဘိန်းစာရည်ကိုသောက်ကြတဲ့ လူငယ်တွေကို မဲခေါင်က မေမြန်းကြည့်ရာ တစ်ညလုံးမအိပ်ပဲ ပျော်နိုင်ဖို့ သောက်ကြတာလို့ဖြေပါတယ်။
အရှေ့တောင်အာရှ မူးယစ်ဆေးဝါးနဲ့ရာဇဝတ်မှုဆိုင်ရာခုံရုံး UNODC ရဲ့ ၂၀၁၈ခုနှစ် အစီရင်ခံစာမှာတော့ဘိန်းစာပင် (Mitragyna speciosa)ဟာ မူလအရှေ့တောင်အာရှ ပေါက်ပင်ဖြစ်ပြီး ကော်ဖီမျိုးနွယ်ဝင်အပင်ဖြစ်တယ်လို့ ဝီကီပီဒီးယားမှာဖေါ်ပြထားပါတယ်။ လူအများသိကြတဲ့ အခြားအမည်က ကထုန့် သို့မဟုတ် ကရထုန့် (kratom) ဖြစ်ပါတယ်။
ထိုင်း၊ အင်ဒိုနီရှား၊ မလေးရှား၊ မြန်မာနဲ့ ပါပူအာနယူးဂီနီနိုင်ငံက ဒေသခံတိုင်းရင်းသားတွေက တိုင်းရင်းဆေးအဖြစ်လွန်ခဲ့တဲ့ ၁၉ ရာစုကတည်းကအသုံးပြုလာကြတယ်လို့ဆိုပါတယ်။
ဝီကီပီဒီးယားရဲ့ ဖေါ်ပြချက်အရ ဘိန်းစာပင်မှာ ဘိန်းကဲ့သို့ မိန်းမောစေတဲ့ ဓာတ်ပါသလို လန်းဆန်းတတ်ကြွစေတဲ့ ဂုဏ်သတ္တိ နှစ်မျိုးလုံး ဖြစ်စေတတ်တယ်လို့သိရပါတယ်။
တိကျတဲ့ဘေးထွက်ဆိုးကျိုးတွေကတော့ အသက်ရှူနှုန်းနှေးတာ၊ တက်တာ၊ ဆေးစွဲလမ်းတာနဲ့ စိတ်မူမမှန်တာတွေ ဖြစ်ပါတယ်။
အခြား ဘေးထွက်ဆိုးကျိုးတွေအနေနဲ့ နှလုံးခုန်နှုန်းမြင့်မားတာ၊ သွေးပေါင်ချိန်တက်တာ၊ အိပ်စက်ခြင်းကိုအနှောက်အယှက်ဖြစ်တာနဲ့ အသည်းအဆိပ်သင့်တာတို့ ဖြစ်ပြီး သုံးစွဲခြင်းကို ရပ်တန့်လိုက်တာနဲ့ ဆေးပြတ် လက္ခဏာများ ခံစားရနိုင်တယ်လို့ သိရပါတယ်။
မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံမှာတော့ ဘိန်းစာအပင်နဲ့အရွက်ကို တရားမဝင်သတ်မှတ်ထားပြီး ၂၀၁၄ ခုနှစ်က FDA က ဘိန်းစာရွက်ကို ဖြည့်စွက်စာအဖြစ် အသုံးပြုဖို့ တင်သွင်းတာနဲ့ထုတ်လုပ်တာကို တားမြစ်ခဲ့ပါတယ်။
MK-012









