အောင်ပန်းမှာ အချုပ်ဖောက်ထွက်ပြေးသူတွေထဲက နှစ်ဦးထပ်မံဖမ်းမိ၊ ခြောက်ဦးလွတ်မြောက်နေဆဲ
မဲခေါင်၊ ဇန်နဝါရီ ၁၅
ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းရဲစခန်းက အချုပ်ဖောက်ပြေးသူ ၁၀ ဦးအနက် မနေ့က(ဇန်နဝါရီ ၁၄ ) နှစ်ဦးထပ်မံဖမ်းမိခဲ့တာကြောင့် ခြောက်ဦးလွတ်မြောက်နေဆဲဖြစ်တယ်လို့ ကလောခရိုင်ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
ငမိုး၊ ၃၂ နှစ်(ခိုးမှု)နဲ့ သန့်ဇင်ဦး၊ ၁၅ နှစ်(ခိုးမှု)တို့ကို ပြန်လည်ဖမ်းမိတာဖြစ်ပါတယ်။
“ ရွာငံဖက် မိတယ်လို့ကြားပေမယ့်အဖွဲ့တွေပြန်မရောက်သေးလို့ အတည်မပြုနိုင်သေးဘူး”လို့ ကလောရဲစခန်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
အခုနှစ်၊ ဇန်နဝါရီလ ၉ ရက် ၊ မနက် ၁ နာရီခွဲခန့်က အချုပ်ခန်းဖေါက်ထွက်ပြေးစဉ် ညီညီအောင်(ခ)ညီညီ၊ ၂၂ နှစ်ကို ဖမ်းဆီးရမိပြီး မနက်၉နာရီခွဲခန့်မှာ မိုးဆွေဟိန်း(ခ)ရဲလေး ၃၀နှသ်ကို မစခ(၉၀၃)အနီးမှာ ဖမ်းမိခဲ့လို့ စုစုပေါင်း လေးဦး ဖမ်းဆီးရမိခဲ့တာပါ။
လွတ်မြောက်နေသူတွေက လုယက် အောင်ခိုင်ဦး(ခ)အောင်ကြီး၂၆ နှစ် နဲ့ မင်းမင်းဦး(ခ) မင်းမောင် ၃၃နှစ် လူသတ်မှု၊ မိုးမြင့်စိုး(ခ)ဇိုးဘိုင်း ၂၀ နှစ်၊ ရန်ရှင်းအောင်၃၁ နှစ်၊ လွင်မိုး(ခ)လွင်မိုးအောင်၂၉ နှစ်၊ အောင်ကိုဦး(ခ) ဧရာဝတီ၁၆ နှစ်တို့ဟာ ခိုးမှုကျူးလွန်သူတွေဖြစ်ကြပါတယ်။
ထွက်ပြေးစဉ်ယူဆောင်သွားတဲ့ သေနတ်တစ်လက်လည်း ပြန်မရသေးဘူးလို့သိရပါတယ်။
ထွက်ပြေးနေသူတွေကို ဖမ်းဆီးရမိရေး စစ်ကောင်စီတပ်နဲ့ ပူးပေါင်း ကလောခရိုင်ဒုရဲမှူးကြီး ခင်နိုင်ဦးစီးတဲ့ အင်အား ၂၀ ခန့် လိုက်လံရှာဖွေနေဆဲလို့ သိရပါတယ်။
MK-012
#MeKongNews








