PNO ပြည်သူ့စစ်တွေ လူမျိုးရေးအမုန်းစကားနဲ့ ဝါဒဖြန့်နေ
မဲခေါင်၊ ဇန်နဝါရီ ၁၃
ပအိုဝ်းပြည်သူ့စစ် – PNO တပ်ဖွဲ့ဝင်တွေနဲ့ သူတို့စေခိုင်းထားတဲ့ လော်ဘီတွေဟာ Facebook အပါအဝင် လူမူကွန်ရက်တွေကနေကတဆင့် လူမျိုးရေးအမုန်းစကားနဲ့ ဝါဒဖြန့်တာတွေ ပြုလုပ်နေတယ်လို့ ပအိုဝ်းလူငယ်တွေက ထောက်ပြပါတယ်။
PNO တွေအခုလို အမုန်းစကားဖြန့်ဝေတာဟာ လူမျိုးရေးပဋိပက္ခကို ဦးတည်တွန်းပို့နေတာဖြစ်ပြီး အထူးသဖြင့် ဒေသတွင်း ယှဉ်တွဲနေထိုင်တဲ့ ပအိုဝ်းလူမျိုးတွေနဲ့ ကယန်းလူမျိုး၊ ကယားလူမျိုးတွေကြား ပဋိပက္ခဖြစ်အောင် လှုံ့ဆော်နေတယ်လို့ ဒေသတွင်းလူငယ်တွေက ပြောပါတယ်။
စစ်ကောင်စီအလိုကျ လူမျိုးရေးပဋိပက္ခအသွင်ကို တွန်းပို့နေတာဟာ မလုပ်သင့်တဲ့ လုပ်ရပ်ဖြစ်သလို ဒီလို လုပ်နေတာတွေက PNO ဟာ စစ်ကောင်စီရဲ့ လက်ပါးစေဖြစ်တယ်ဆိုတာကို မီးမောင်းထိုးပြနေတယ်လို့ ပအိုဝ်းလူငယ်တစ်ဦးက ပြောပါတယ်။
“ကျတော်တို့ ပအိုဝ်းဒေသနဲ့ Society (အသိုင်းအဝိုင်း) ကို အသုံးချပြီး လူတစ်စု အကျိုးစီးပွားအတွက် အမျိုးသားရေးဂုဏ်သိက္ခာကို ချနင်းတာဖြစ်တယ်။ ပဒေသရာဇ်စနစ်ဆိုးကို တော်လှန်ခဲ့တဲ့ သမိုင်းကိုလည်း အရောင်ဆိုးတာဖြစ်တယ်” လို့ သူက ပြောပါတယ်။
ဒါ့အပြင် PNO ရဲ့ ဝါဒဖြန့်စာတွေဟာ ရှမ်းပြည်တောင်ပိုင်းမှာရှိတဲ့ ကယားနဲ့ ကယန်းလူမျိုးကျေးရွာတွေရဲ့ လုံခြုံမှုကိုလည်း စိုးရိမ်စရာဖြစ်စေတယ်လို့ ကယန်းလူမျိုးလူငယ်တစ်ဦးက ပြောပါတယ်။
“ခြုံပြီးပြောရရင် သူ့နယ် ကိုယ့်နယ်မှာ တိုက်ပွဲဖြစ်တာ မဖြစ်တာ တစ်ပိုင်းပေါ့၊ ဒါပေမယ့် ရှမ်းတောင်ဒေသမှာရှိတဲ့ တချို့ ကယန်း၊ ကယားရွာတွေအတွက်တော့ လုံခြုံမှုဆိုတာ မရှိတော့သလို လူမျိုးရေးမုန်းတီးရေးတွေပဲ ဖြစ်နေလိမ့်မယ်”လို့သူကပြောပါတယ်။
အဲဒီလို အမုန်းတရားဝါဒဖြန့်နေမှုတွေကြောင့် ပိုမိုဆိုးရွားတဲ့ လူမျိုးရေးပဋိပက္ခတွေ မဖြစ်ခင်မှာ သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ ကြိုတင်ပြင်ဆင်ပြီး အဖြေရှာ ဖြေရှင်းသင့်တယ်လို့ လူငယ်တွေက အကြံပြုပါတယ်။
MK-017
#MeKongNews








