ပင်လောင်းမြို့နယ်မှာရှိတဲ့ စစ်ဘေးရှောင်တွေ နေရပ်မပြန်ရင် အိမ်ကိုချိတ်ပိတ်မယ်လို့ PNO ဖိအားပေးနေ
မဲခေါင်၊ ဇန်နဝါရီ ၉
ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်မှာ ရောက်ရှိနေတဲ့ စစ်ဘေးရှောင်တွေ နေရပ်ပြန်ကြဖို့ PNO ပြည်သူ့စစ်က ဖိအားပေးနေသလို မပြန်ပါက အိမ်ကိုချိတ်ပိတ် သိမ်းဆည်းမယ်လို့ ခြိမ်းခြောက်နေကြောင်း သိရပါတယ်။
၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်မှာ ဖယ်ခုံမြို့နယ်အစနဲ့ ပင်လောင်းမြို့နယ်အဆုံးမှာရှိတဲ့ ဗန်းမောက်ကျေးရွာ တိုက်ပွဲကြောင့် ဒေသခံတွေဟာ နီးစပ်ရာကျေးရွာနဲ့ မြို့တွေဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။
PNO က၂၀၂၄ နှစ်ကုန်ပိုင်းကစပြီး အိမ်ပြန်ကြဖို့ဖိအားပေးနေတာကြောင့် အများစုမှာ ပြန်နေကြပြီလို့ သိရပါတယ်။
” ကျွန်တော်တို့ပြည်သူတွေက လက်နက်မရှိ ၊ တုံ့ပြန်ဖို့အင်အားမရှိတော့ သူတို့ပြောတဲ့အတိုင်းပဲလုပ်ရတာပေါ့၊ မလွန်ဆန်ရဲတော့၊ မပြန်ရဲသေးလည်းပြန်ရတာပါပဲ” လို့ စစ်ဘေးရှောင် ကူညီသူတစ်ဦးက ပြောပါတယ်။
ပင်လောင်းမြို့မှာ စစ်ဘေးရှောင် သုံးထောင်ဝန်းကျင်ခန့်ရှိနေပြီး ဆန်၊ဆီ၊ဆားစတဲ့ အခြေခံစားသုံးကုန်တွေလည်း အကူအညီ လိုအပ်နေပါတယ်။
အခုလက်ရှိ ရှမ်းနဲ့ ကရင်နီနယ်စပ်မှာ စစ်ကောင်စီ၊ PNO ပြည်သူ့စစ်နဲ့ တော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဖက်က အဆက်မပြတ် လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။
CJ – 018
#MeKongNews








