ကိုးကန့်တပ် သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ ပြန်စည်ကားနေပြီ (Photo News)
မဲခေါင်၊ ဇန်နဝါရီ ၉
စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အခြေစိုက်တဲ့ လားရှိုးမြို့ကို ကိုးကန့်တပ် (MNDAA) က တိုက်ခိုက်သိမ်းပိုက်ပြီး ၅ လအကြာမှာ မြို့တွင်းမှာ ပုံမှန်စည်ကားနေပါပြီ။
လားရှိုးမြို့ကို လူသိများတဲ့ “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်း၊ ၂၀၂၄ ခုနှစ်၊ သြဂုတ် ၃ ရက်မှာ MNDAA က သိမ်းပိုက်ခဲ့တာပါ။
မြို့လက်လွတ်လိုက်ရတဲ့ စစ်ကောင်စီဟာ လားရှိုးကို နေ့ရောညပါ ဗုံးကြဲခဲ့တာကြောင့် ဒေသခံတွေ စစ်ရှောင်ခဲ့ရပါသေးတယ်။ စစ်ရှောင်တွေလည်း အခုတော့ ပြန်လည်နေထိုင်နေပြီး စည်းကားနေတယ်လို့ လားရှိုးမြို့ပြန်လည်ထူထောင်ရေး က ဖော်ပြပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအတွင်းက စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ လားရှိုးမြို့မဈေးကြီးမှာလည်း ဈေးဆိုင်တွေနဲ့ ပြန်စည်ကားနေသလို၊ မြို့ဝင်မြို့ထွက်တွေ၊ ပြည်ထောင်စုလမ်းမကြီးဘေးက ဆိုင်ခန်းတွေလည်း စည်ကားနေပြီး ဖုန်းနဲ့ အင်တာနက်လိုင်းတွေလည်း ရနေပြီလို့ သိရပါတယ်။
ရေနဲ့ လျှပ်စစ်မီးရဖို့ ကိုးကန့်တပ်က ကြိုးစားနေပြီး မြို့တွင်းယာဥ်မောင်းနှင်ဖို့အတွက် ယာယီကဒ်တွေကိုလည်း ပြုလုပ်ပေးနေပါတယ်။
“၁၀၂၇ စစ်ဆင်ရေး” မှာ သိမ်းပိုက်ခဲ့တဲ့ မြို့တွေထဲမှာ လားရှိုးမြို့ဟာ အကြီးဆုံးဖြစ်ပြီး ကိုးကန့်တပ် (MNDAA) ရဲ့ သမိုင်းဝင်အောင်ပွဲဖြစ်သလို စစ်ကောင်စီအတွက် ရှမ်းမြောက်မှာ သမိုင်းဝင် အရှုံးကြီးခဲ့တဲ့ မြို့လည်း ဖြစ်ပါတယ်။
လားရှိုးမြို့ ထိန်းချုပ်ရေးအတွက် ကိုးကန့်တပ်နဲ့ စစ်ကောင်စီတို့ တရုတ်နိုင်ငံမှာ ဆွေးနွေးခဲ့ပြီးနောက် မြို့ပြန်လည်စည်းကားတဲ့ ဓာတ်ပုံတွေကို လားရှိုးမြို့ပြန်လည်ထူထောင်ရေး က ဖော်ပြခဲ့တာပါ။
မြို့ကိုလက်လွတ်လိုက်ရပြီးနောက် လေကြောင်းက ဗုံးတွေကြဲချခဲ့တဲ့ စစ်ကောင်စီဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှု အပြီးမှာတော့ ဗုံးကြဲတာတွေ သိသိသာသာ လျော့ကျသွားခဲ့ပါတယ်။
#MeKongNews
Photos- လားရှိုးမြို့ပြန်လည်ထူထောင်ရေး









