ကမ္ဘောဇတိုင်းမ် သတင်းဌာန အယ်ဒီတာချုပ် ပြန်လည်လွတ်မြောက်
မဲခေါင်၊ ဇန်နဝါရီ ၂
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေ တောင်လေးလုံးထောင်မှာ ထောင်ဒဏ် ၃နှစ်ကျခံနေရတဲ့ ကမ္ဘောဇတိုင်းမ်သတင်းဌာန အယ်ဒီတာချုပ် ကိုဇေတိုင်းဟာ ဒီနေ့ (ဇန်နဝါရီ၂) ပြန်လည်လွတ်မြောက်လာပြီလို့ သိရပါတယ်။
ကိုဇေတိုင်း ကို စစ်ကောင်စီက ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၈ ရက်မှာ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ထားခဲ့ပြီး ၂၀၂၂ ခုနှစ် ၊ ဒီဇင်ဘာ ၂၅ရက်မှာ ဖမ်းဆီးကာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်မှာ ထောင်တစ်နှစ် ချခဲ့ပေမယ့် မူလချမှတ်တဲ့ ပြစ်ဒဏ်နည်းပါးတယ်ဆိုကာ မတ်လ ၃၁ ရက်မှာ ထပ်တိုးနဲ့ထောင်ဒဏ် သုံးနှစ် ထပ်တိုးချခံခဲ့ရတာလို့သိရပါတယ်။
ကိုဇေတိုင်း ဖမ်းဆီးမခံရခင်မှာ ကမ္ဘောဇတိုင်းသတင်းဌာနရဲ့ တာဝန်ခံအယ်ဒီတာ နန်းနန်းတိုင်း (ခ) နန်းနွေးနွေးလှိုင်၊ သတင်းထောက် နန်းဝင်းရီ၊ ထုတ်ဝေသူ ကိုတင်အောင်ကျော်နဲ့ သတင်းသမားလို့ စွပ်စွဲခံရသူ မိသားစုဝင် ကိုစိုင်းစည်သူတို့ ဖမ်းဆီးထောင်ချခံရပါတယ်။
သူတို့ကို ၂၀၂၁ ခုနှစ်၊ မတ် လ ၂၄ ရက်၊ ညပိုင်းက ဟိုပုံးမြို့အိမ်မှာ ဖမ်းဆီးပြီး ၈လအကြာ ဒီဇင်ဘာ ၁၀ ရက်မှာ ပုဒ်မ ၅၀၅-က နဲ့ ထောင်သုံးနှစ်စီအမိန့်ချခဲ့ပါတယ်။ ညောင်ရွှေအကျဉ်းထောင်မှာ အကျဉ်းကျခဲ့ပြီး အခုအားလုံးပြန်လည် လွတ်မြောက်ပြီဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက် အာဏာ သိမ်းချိန်ကစပြီး သတင်းသမားတွေ ၇၈ ဦးဖမ်းဆီးခံရပြီး ၁၁ ဦး သတ်ခံရပါတယ်။
သတင်းသမားတွေအပေါ် စစ်ကောင်စီက ကျုးလွန်နေတဲ့ ရာဇဝတ်မှုတွေအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အပြစ်ကင်းလွတ်ခွင့်ရတာမျိုး မဖြစ်စေရေး ၊ပြစ်ဒဏ်ကင်းလွတ်ခွင့် အဆုံးသတ်ရေးအတွက် ကြိုးပမ်းသွားမယ်လို့ အပြည်ပြည်ဆိုင်ရာသတင်းလွတ်လပ်ခွင့်နေ့ နိုဝင်ဘာ ၂ ရက်က NUG က ထုတ်ပြန်ထားပါတယ်။
MK-012
#MeKongNews
ဓါတ်ပုံ၊ ပြန်လည်လွတ်မြောက်လာတဲ့ ကိုဇေတိုင်း








