စစ်ရှုံးနေတဲ့ စစ်ကောင်စီခေါင်းဆောင်က တိုင်းရင်းသားခေါင်းဆောင်တချို့ကို အပြစ်တင်
မဲခေါင်၊ ဇန်နဝါရီ ၁
တိုင်းရင်းသား ခေါင်းဆောင်တချို့ဟာ ဖက်ဒရယ် အခွင့်အရေး၊ တိုင်းရင်းသား အခွင့်အရေးလို့ ပြောနေကြပေမယ့် ဒီမိုကရေစီရဲ့ သဘောသဘာဝကို မျက်ကွယ်ပြုပြီး ပြည်ထောင်စုပြိုကွဲအောင် ဦးတည်ဆောင်ရွက်နေကြတာကို တွေ့နေရပါတယ်လို့ အာဏာသိမ်းခေါင်းဆောင်ကပြောပါတယ်။
၂ဝ၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက် ညပိုင်းက ၂၀၂၅ ခုနှစ် နှစ်သစ်ကူးမိန့်ခွန်းမှာထည့်သွင်းပြောဆိုခဲ့တာပါ။ ဘယ်သူ ဘယ်ဝါ ဘယ်အဖွဲ့အစည်းဆိုပြီး အမည်နာမနဲ့အတိအကျထုတ်ပြောပြောဆိုတာမျိုးမဟုတ်ပဲ တိုင်းရင်းသားခေါင်းဆောင်တချို့လို့သာ သုံးနှုံးပြီးအပြစ်တင်တာ ဖြစ်ပါတယ်။
လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေအနေနဲ့ ခေါင်းစဉ်အမျိုးမျိုးပြပြီး ဒီမိုကရေစီစနစ်ကို လိုလားတယ်လို့ ပြောနေပေမဲ့ လက်တွေ့မှာတော့ ကိုယ်ကျိုးအတ္တကို အခြေခံတဲ့ လိုအင်ဆန္ဒ သက်သက်နဲ့ လက်နက်ကိုင်ပဋိပက္ခကိုသာ ဖန်တီးနေကြတာကို တွေ့မြင်ရမှာဖြစ်တယ်လို့ဆိုပါတယ်။
ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာတွေကို ချင့်ချိန်စဉ်းစားပြီး ဖြစ်နိုင်တာကို ပြည်ထောင်စုအကျိုးကိုမျှော်ကိုးပြီး ဒီမိုကရေစီနည်းလမ်းတကျ ဆောင်ရွက်သင့်တယ်လို့ထည့်သွင်းပြောဆိုခဲ့တဲ့ စစ်ကောင်စီခေါင်းဆောင်အနေနဲ့ အခုလို လက်နက်ကိုင်ပဋိပက္ခကြီးထွားလာတဲ့ အခြေခံအကြောင်းအရင်းကို မျက်ကွယ်ပြုထားဆဲပါပဲ။
ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်တဲ့ပြည်သူကို သေနတ်နဲ့ပစ်ခတ် သတ်ဖြတ်ခွင့်ပေးခဲ့တဲ့ အာဏာသိမ်းခေါင်းဆောင်က လက်နက်ကိုင် အဖွဲ့တွေကို ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်အောင် ပြည်သူတွေကတိုက်တွန်းပေးဖို့လည်း ထည့်သွင်းပြောကြားထားပါသေးတယ်။
မြန်မာနိုင်ငံကို လက်နက်နဲ့အဓမ္မ အုပ်ချုပ်နေတဲ့ စစ်ကောင်စီလက်ထက်မှာ ရှမ်းပြည်မြောက်ပိုင်း ၊ လားရှိုးမြို့ထိ တိုင်းရင်းသားလက်နက်ကိုင်ဖြစ်တဲ့ MNDAA ကသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သလို ရခိုင်ပြည်နယ်ကိုလည်း အာရက္ခတပ်တော် (AA)က အလုံးစုံသိမ်းပိုက်နိုင်ဖို့ ဒီနေ့အထိ မြို့သုံးမြို့သာကျန်ပါတော့တယ်။
အဲ့သလိုတိုက်ခိုက်သိမ်းပိုက်နေတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေက ပြည်ထောင်စုပြိုကွဲရေးကိုဦးတည်နေတာမဟုတ်ဘူးလို့ ကိုယ်စီထုတ်ပြန်ပြောဆိုထားကြပါတယ်။
လားရှိုးမြို့အထိ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ MNDAA အနေနဲ့ နိုင်ငံတော်မှခွဲထွက်ပြီး နိုင်ငံတော်သစ်ထူထောင်ခြင်းကိုပြုလုပ်မှာမဟုတ်ပဲ စစ်မှန်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးတောင်းဆိုတာသာဖြစ်တယ်လို့ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်ထုတ်ထုတ်ပြန်ချက်မှာပါရှိပါတယ်။
အာရက္ခတပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကလည်း ရခိုင်ပြည်နယ်ဟာ ပြည်ထောင်စုကနေ သီးခြားခွဲထွက်သွားဖို့ ဆန္ဒမရှိဘဲ မြန်မာနိုင်ငံထဲမှာပဲ ရခိုင့်ကံကြမ္မာကို ရခိုင်လူမျိုးတွေကိုယ်တိုင် ဖန်တီးခွင့်ရဖို့ မူကိုကိုင်စွဲပြီး ကွန်ဖက်ဒရေးရှင်းအဆင့်ထက်မနိမ့်တဲ့ နိုင်ငံရေးမူနဲ့ ရပ်တည်သွားမယ်လို့ ၂၀၂၄ခုနှစ်၊ မတ်လ ၄ ရက်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။
မြန်မာနိုင်ငံဟာ စစ်တပ်မရှိရင် အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားမယ့် တိုင်းပြည်မဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက၂၀၂၄ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်က ကျင်းပတဲ့ မြန်မာ့နွေဦးတော်လှန်ရေးရဲ့ အောင်မြင်မှုတွေအပေါ် ရှုမြင်ချက်များ အစီအစဉ်မှာ ပြောထားပါတယ်။
#MekongNews








