တာချီလိတ်-မယ်ဆိုင်တံတားကနေ ထိုင်းနိုင်ငံထဲ နေ့စဉ်သွားရောက်သူတွေ ဖြတ်သန်းခွင့် ကတ်အသစ်ပြုလုပ်ရမယ်
မဲခေါင်၊ ဒီဇင်ဘာ ၂၆
ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ် – မယ်ဆိုင်အမှတ် (၁) ချစ်ကြည်ရေးတံတားကတဆင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို နေ့စဉ်ယာယီဖြတ်သန်းနေသူတွေ လက်ရှိကိုင်ဆောင်ထားတဲ့ ဖြတ်သန်းခွင့်ကတ်အဟောင်း သက်တမ်းကုန်သည်ဖြစ်စေ မကုန်သည်ဖြစ်စေ ဒီနေ့(ဒီဇင်ဘာ ၂၆)ရက်ကစပြီး ကတ်အသစ်ပြုလုပ်ရမယ်လို့ တာချီလိတ်ဒေသခံတွေဆီက သိရပါတယ်။
ကတ်အသစ်ပြုလုပ်ရာမှာ ဘတ်၂၀ ပေးဆောင်ရမှာဖြစ်ပြီး ကတ်အဟောင်းမရှိသူတွေ မှတ်ပုံတင်ပြပြီး လုပ်ဆောင်ရမှာဖြစ်ကြောင်းနဲ့ ကတ်အသစ် စတင်အသုံးပြုကာ အချက်အလက်တွေ ရေးသားဖြည့်စွက်မှာဖြစ်လို့ ဒေသခံပြည်သူတွေအနေနဲ့ မယ်ဆိုင်ဂိတ်ဘက်ကို သွားရောက်တဲ့အခါ မဖြစ်မနေ လုပ်ရမှာဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီကတ်မှာ ထိုင်းဘက်သွားသူတိုင်း ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်အပြာရောင်နဲ့တွဲပြီး တစ်ရက်တာအတွက် ၁၀ ဘတ်တံဆိပ်တုံးထုပြီး ထိုင်းအဝင်ပြုလုပ်နိုင်သလို ညအိပ်မယ်ဆိုပါက ဘတ် ၅၀ တုံးထုပြီးဝင်ရကြောင်း သိရပါတယ်။
“ ချင်းရိုင်က Over Brook ဆေးရုံလူနာစောင့်သွားတာ တောမော(လဝက)မှာ ၁၀ ဘတ်တုံးနဲ့မရလို့ ဘတ် ၅၀ တုံးပြန်ထုရတယ်၊ သူတို့အဓိကစစ်တာက အဖြူရောင်ကတ်ပဲ” လို့ တာချီလိတ်ကနေ မယ်ဆိုင်အကျော် ချင်းရိုင်ကိုသွားသူတစ်ဦးက ပြောပါတယ်။
အဖြူရောင် ထိုင်း လဝက ကတ်တွေဟာမြန်မာဘက်နဲ့ ချိတ်ဆက်လုပ်ဆောင်တာမဟုတ်ဘဲ ထိုင်းနိုင်ငံ အစီအစဉ်နဲ့ ပြုလုပ်တာဖြစ်ပြီးထိုင်းဘက်ကိုတရားဝင်သွားသူတွေ မဖြစ်မနေလုပ်ရတဲ့ကတ်ဖြစ်ကြောင်း သိရပါတယ်။
MK-012
#MekongNews








