စစ်ကောင်စီ ဗုံးကြဲလို့ ကျောက်ဂူရွာအဝင် တံတားပျက်စီး
မဲခေါင်၊ ဒီဇင်ဘာ ၁၉
ရှမ်းတောင်၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသက ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် DPLA နဲ့ စစ်ကောင်စီ မနေ့က တိုက်ပွဲဖြစ်ပွားရာမှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲလို့ ကျောက်ဂူရွာ အဝင်တံတား ပျက်စီးသွားတယ်လို့ DPLA ထံက သိရပါတယ်။
တိုက်ပွဲဟာ မနေ့က မနက် ၈နာရီခန့်ကတည်းက ဖြစ်ပွားခဲ့ပြီး နေ့လယ် ၁၂ နာရီခန့်မှာ ကျောက်ဂူရွာ အဝင် တံတားကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးချလို့ ပျက်စီးတာကြောင့် ကုန်ကားကြီးတွေ သွားမရတော့ဘူးလို့ သိရပါတယ်။
ကျောက်ဂူမှာ ဒေသခံတွေ ထိခိုက်မှုရှိတယ်လို့ သတင်းထွက်နေပေမယ့် မဲခေါင်က သီးခြားအတည်ပြုလို့မရသေးပါဘူး။
“ တိုက်ပွဲက ဆက်ဖြစ်နေတယ်၊ ခုထိတော့ အကျအဆုံးမရှိသလို လက်နက်ရတာတွေ မရှိသေးပါဘူး” လို့ DPLA ပြန်ကြားရေးတာဝန်ခံ အမောင်က မဲခေါင်သတင်းဌာနကို ဒီနေ့( ဒီဇင်ဘာ ၁၉) မနက်ပိုင်းက ဆက်သွယ်မေးမြန်းမှုကို ဖြေကြားပါတယ်။
ပျက်စီးသွားတဲ့တံတားဟာ ရှမ်းပြည်တောင်ပိုင်းကနေ ရှမ်းပြည်မြောက်ပိုင်းကို ဆက်သွယ်ထားတဲ့ ရပ်စောက်-ဗထူး-အင်တော-ကျောက်ဂူ-နောင်ချို-နမ့်လန်-လားရှိုး -ကျောက်မဲ လမ်းပေါ်မှာတည်ရှိပါတယ်။
စစ်ကောင်စီဟာ ကျောက်ဂူဒေသက ကျေးရွာတွေရှိရာကို လက်နက်ကြီးနဲ့ပစ်တာ၊ ဒရုန်းနဲ့ ဗုံးချတာတွေကြောင့် ဒီဇင်ဘာ ၁၀ ရက်ကလည်း ကျောက်မီးခတ်ကျေးရွာဘုန်းကြီးကျောင်းကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
MK-012
#MekongNews









