တာချီလိတ်ကနေ ထိုင်းဘက်ကို ဗီဇာနဲ့သွားခွင့် ပြန်ရလာ
မဲခေါင်၊ ဒီဇင်ဘာ ၁၈
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်နယ်စပ်ကတဆင့် ထိုင်းနိုင်ငံကို PV ဗီဇာနဲ့ သွားလာခွင့် ပြန်လည်ခွင့်ပြုနေပြီလို့ ထိုင်းခရီးသွားလုပ်ငန်းတွေထံက သိရပါတယ်။
တာချီလိတ်မြို့က မယ်ဆိုင်ဘက်ကူးတဲ့ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ်( ၁) နယ်စပ်ဂိတ်မှာ PV (Passport Visit) ပတ်စပို့စ်နိုင်ငံကူးလက်မှတ်နဲ့ ထိုင်းနိုင်ငံကို သွားရောက်မယ့်သူတွေကို အခုနှစ်၊ နိုဝင်ဘာနောက်ဆုံးပတ်က စတင်ပြီး ယာယီပိတ်ပင်ထားရာက အခုရက်ပိုင်းမှာ ပြန်လည်သွားလာခွင့်ရလာတာလို့ သတင်းရင်းမြစ်ထံကနေ သိရပါတယ်။
အခု PV သွားမယ့်သူတွေ TR Visa နဲ့ စမတ်ကတ်လိုအပ်ပြီး Passport PJ နဲ့ဆိုရင် TR Visa နဲ့ စမတ်ကတ် အပြင် မပါမဖြစ် OWIC (Oversea Workers Identity Card) ကတ်ပါရတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံသွားရောက်သူတွေအနေနဲ့ လေကြောင်းက ထွက်ခွာရတာထက် နယ်စပ်ကထွက်ရတာက ပိုအဆင်ပြေလို့ တာချီလိတ်ဘက်ကနေ ထိုင်းဘက်ကို ကူးတဲ့သူများလာနေတာလို့ စုံစမ်းသိရပါတယ်။
“ PV နဲ့သွားပြီး ဒီဘက်ပြန်မလာတော့လို့ ယာယီပိတ်တာဆိုပေမယ့် ဆေးသွားကုမယ့်သူတွေကိုလည်း ဆေးရုံနဲ့ အုပ်ချုပ်ရေးပိုင်းက ထောက်ခံစာ အပြည့်အစုံပါရင် သွားခွင့်ရတယ်၊ သူတို့နဲ့ နီးစပ်တဲ့ ပိုက်ဆံရှိတဲ့လူတွေ၊ လူကြီးသားသမီးတွေတော့ သွားလို့ ရနေတာပဲ၊ အခုလည်းကြားခံ(ပွဲစား) နဲ့ညှိသွားရတာ၊ ငွေကတော့ ကုန်ရတာပေါ့၊ ရိုးရိုး TBPနဲ့ကတော့ အဲလောက်မကုန်ပါဘူး” လို့သတင်း ရင်းမြစ်က ပြောပါတယ်။
တာချီလိတ်ကို လေယာဉ်နဲ့လာကတည်းက တာချီလိတ်မှာ တည်းခိုမယ့်လိပ်စာ မဖြစ်မနေပေးရသလို မပေးနိုင်ပါက ငွေပေးရပြီး လာမယ့်သူတွေအနေနဲ့ ကြားခံ(ပွဲစား)နဲ့ ကြိုတင်ဆက်သွယ်ထားဖို့လိုမယ်လို့ သိရပါတယ်။
နိုင်ငံကူးသူတွေ အနည်းဆုံးလေဆိပ်မှာ ဘတ်ငါးရာ(၅၀၀) နဲ့တံတားမှာ ဘတ်တစ်ထောင် (၁၀၀၀)ကနေ ဘတ်ငါးထောင်(၅၀၀၀) ကြားရှိပြီး ပွဲစားညှိနှိုင်းပေးတဲ့အပေါ် မူတည်ကာ ပေးဆောင်ငွေအနည်းအများကွာခြားတယ်လို့ သတင်းအရင်းအမြစ်က ပြောပါတယ်။
စစ်ကောင်စီရဲ့အလုပ်သမားဝန်ကြီးဌာနက ပြည်ပအလုပ်အကိုင် လိုင်စင်ရ အေဂျင်စီအစီအစဉ်နဲ့ စေလွှတ်တဲ့ အလုပ်သမားတွေအတွက် ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာနရုံးမှာ သတ်မှတ်ချက်တွေနဲ့အညီ OWIC စိစစ်ခွင့်ပြုထုတ်ပေးလျက်ရှိနေတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ကြေညာထားပြီး ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအထိ အလုပ်သမားစုစုပေါင်း ၁၈၁,၈၉၉ ဦးကို OWIC ကတ် ထုတ်ပေးပြီး ပြည်ပနိုင်ငံတွေကိုသွားရောက် အလုပ်လုပ်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။
MK-012
#MekongNews








