ကျားဖြန့်လုံခြုံရေး ပြည်သူစစ်နဲ့ စစ်ကောင်စီ မူဆယ်မှာ ပစ်ခတ်မှုဖြစ်
ကျားဖြန့်လုပ်ကိုင်နေသူတွေကို စစ်ကောင်စီ ပစ်ခတ်ဖမ်းဆီး
မဲခေါင်၊ ဒီဇင်ဘာ ၂၆
ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ ကျားဖြန့်လုပ်ငန်းကို လုံခြုံရေးယူထားတဲ့ ပြည်သူ့စစ်နဲ့ စစ်ကောင်စီအကြား မနေ့က(ဒီဇင်ဘာ ၁၆)နေ့လည်မှာ ပစ်ခတ်မှုဖြစ်ပွါးခဲ့သလို ကျားဖြန့်လုပ်ကိုင်နေသူတွေကိုလည်း ပစ်ခတ်ဖမ်းဆီးတာတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မူဆယ်မြို့၊ မန်ဝိန်းဂိတ်နဲ့ 97 ဆပ်ပြာစက်ရုံဘက်မှာ ကျားဖြန်လုပ်ငန်းတစ်ခုကို ဒေသအခြေချ စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးစဉ်မှာ ကျားဖြန့်လုပ်ငန်းကို အကာအကွယ်ပေးနေတဲ့ ဌာနေပြည်သူ့စစ်အမည်ခံလက်နက်ကိုင်အဖွဲ့နဲ့ နေ့လယ် ၂နာရီခန့်မှစတင်ကာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ပစ်ခတ်သံတွေ ညနေပိုင်းအထိ ကြားနေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဖမ်းဆီးရမိတဲ့အခြေအနေနဲ့ ထိခိုက်သေဆုံးတဲ့အခြေအနေကိုတော့ အတိအကျမသိရသေးပါဘူး။ မဲခေါင်က စုံစမ်းနေဆဲဖြစ်ပါတယ်။
ယခုနှစ်၊ စက်တင်ဘာ ၂၃ ၊၂၄ ၊ ရက်က မူဆယ်မြို့မှာ ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၃၂၃ ဦးနဲ့ မြန်မာနိုင်ငံသား ၅၅၇ ဦးကို ဖမ်းဆီးပြီး မင်္ဂလာမူဆယ်က ၉ ထပ်တိုက်မှာ ချုပ်နှောင်ထားပြီး တရုတ်နိုင်ငံသားတွေကို တရုတ်ဘက်လွှဲအပ်ပေးခဲ့တာရှိခဲ့ပြီး အခုထပ်မံထမ်းဆီးတာလို့ သိရပါတယ်။
အခုလို ဖမ်းစီးတာဟာ တရုတ်ဘက်ကဖိအားကြောင့်ဖြစ်ပြီး မူဆယ်မြို့ဟာ တရုတ်နယ်စပ်မြို့ဖြစ်တာကြောင့် ကျားဖြန့်ဂိုဏ်းတွေနဲ့ တရားမဝင် လောင်းကစားဝိုင်းတွေ၊ လူသတ်မှု၊ ပြန်ပေးဆွဲမှု၊ ခိုးမှုနဲ့ လက်နက်ကိုင် ပြည်သူ့စစ်အဖွဲ့ ပေါများလွန်းလို့ ပြည်သူ့စစ်အချင်းချင်း ပစ်ခတ်တာတွေလည်း မကြာခဏ ဖြစ်ပွားလေ့ ရှိတဲ့မြို့လို့သိရပါတယ်။
အခုလိုမျိုး ဌာနေပြည်သူ့စစ်အကာအကွယ်နဲ့ ဖွင့်လှစ်လုပ်ကိုင်နေတဲ့ ကျားဖြန့်အပါအဝင် လောင်းကစားနဲ့ မူးယစ်ဆေးလုပ်ငန်း ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ လွယ်စတုံကျေးရွာအနီးရှိ လားဟူငါးကန်ခြံဝန်းမှာ ရှိနေပါသေးတယ်။
အဲ့ဒိငါးကန်ခြံဝန်းကို နာတလိပြည်သူ့စစ်ခေါင်းဆောင် ဦးမင်းခါပိုင်ဆိုင်တာဖြစ်ပြီး သူ့ရဲ့ပြည်သူ့စစ်အဖွဲ့က အကာအကွယ်ပေးထားတဲ့အကြောင်း မဲခေါင်မှာ ဒီဇင်ဘာ ၈ ရက်က သတင်းဖေါ်ပြခဲ့ပါတယ်။
နာတလိပြည်သူ့စစ်ခေါင်းဆောင် ဦးမင်းခါဟာ သူပိုင်ဆိုင်တဲ့ခြံဝန်းကို ကျားဖြန်လုပ်ငန်း၊ ကာစီနို၊ ဂုံကင်း၊ ဖဲဝိုင်း အစရှိတဲ့လောင်းကစားမျိုးစုံ၊ KTVလုပ်ငန်းနဲ့ မူးယစ်ဆေးရောင်းဝယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့ငှားရမ်းထားသလို အဲ့ဒိလုပ်ငန်းသက်ဆိုးရှည်ရှည်နဲ့ အန္တရာယ်ကင်းကင်းလုပ်ဆောင်နိုင်ဖို့ သူ့ရဲ့ ပြည်သူ့စစ်အဖွဲ့နဲ့ လုံခြုံရေးပေးထားပါတယ်။ ဒိအပြင် လာရောက်လောင်းကစားလုပ်ကိုင်တဲ့ ထိုင်းနိုင်ငံသားတွေ သွားလာရေးချောမွေ့အဆင်ပြေစေဖို့ ပိုကြိုယာဉ်လည်း စီစဉ်ပေးထားပါတယ်။
အဲ့ဒိလုပ်ငန်းလုပ်ကိုင်နိုင်ဖို့ ဒေသအုပ်ချုပ်ရေး စစ်ကောင်စီကိုလည်း လစဉ်ဘတ်ငွေသိန်းနဲ့ချီပေးထားရတယ်လို့ မဲခေါင်က သတင်းဖေါ်ပြခဲ့ဖူးပါတယ်။
အခုနှစ်၊ ဇူလိုင်လက တာချီလိတ်မြို့၊ ပါဆပ်ရပ်ကွက်က နေအိမ်တစ်လုံးမှာ ကျားဖြန့်(ငွေလိမ်ဂိုဏ်း)လုပ်ကိုင်နေသူ ၃၀၀ နီးပါး ဖမ်းဆီးရမိခဲ့ပြီး နိုဝင်ဘာအတွင်းကလည်း တရုတ်နိုင်ငံသားတွေပါဝင်တဲ့ ငွေလိမ်ဂိုဏ်းက လူဦးရေ ၃၀ နီးပါး ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။ တစ်နိုင်ငံလုံးအနှံ့ ငွေလိမ်ဂိုဏ်းသားပေါင်း ၄၉၀၀၀ ကျော် ဖမ်းဆီးရမိခဲ့ပြီးဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ဖူးပါတယ်။
MK-012
#MeKongNews








