အမျိုးသမီးတွေအပေါ် အကြမ်းဖက်တဲ့ ဝင်းကျော်ဆိုသူရဲ့ လုပ်ရပ်ကို ရှုတ်ချကြဖို့ KNDF ဗျူဟာ(၈)တိုက်တွန်း
မဲခေါင်၊ ဒီဇင်ဘာ ၁၆
မြေလတ်အသံရဲ့ သတင်းထောက်အမျိုးသမီးနှစ်ဦးကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တဲ့ ဝင်းကျော် ဆိုသူရဲ့ အကြမ်းဖက်လုပ်ရပ်ကို တရားဥပဒေနဲ့အညီ လူမှုရေး ပြစ်ဒဏ်ပေးပြီး ဆန့်ကျင်ရှုတ်ချတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်အမှတ်(၈)ဗျူဟာက သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာဒီနေ့ (ဒီဇင်ဘာ ၁၆)ရေးသားဖြန့်ဝေပါတယ်။
ဒီဇင်ဘာ ၁၄ ရက် ည ၉နာရီခန့်က မြေလတ်အသံ သတင်းဌာနရဲ့ အမျိုးသမီး သတင်းထောက်နဲ့ သူ့ရဲ့အဖေါ် အမျိုးသမီးတစ်ဦး စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် အင်တာနက်ဆိုင်မှာအလုပ်လုပ်နေစဉ် ဝင်းကျော်ဆိုသူက ကိုယ်ထိလက်ရောက် အကြမ်းဖက်တိုက်ခိုက်တာလို့ သိရပါတယ်။
ဖေါ်ပြပါအမျိုးသမီးနှစ်ဦး အလုပ်လုပ်နေစဉ် ဝင်းကျော် ရောက်ရှိလာပြီး ပုဂ္ဂိုလ်ရေးသာမက သတင်းထောက်အလုပ်နဲ့ သတင်းဌာနကိုပါ စော်ကားပြောဆိုတာတွေ ပြုလုပ်ခဲ့တယ်လို့ ကာယကံရှင်အမျိုးသမီးက ပြောပါတယ်။
ဒိအပြင် ဝင်းကျော်ဆိုသူက ပါးစပ်နဲ့ စော်ကားပြောဆိုယုံသာမက သတင်းထောက်အမျိုးသမီးရဲ့အဖေါ်ကို ဆံပင် ဆွဲပြီး ခုံပေါ်ကနေတရွတ်တိုက် ဆွဲချခဲ့ပြီး မျက်နှာကို လက်သီးနဲ့ထိုးနှက်ခဲ့တယ်လို့ ပြောပါတယ်။
ဝင်းကျော်ရဲ့လုပ်ရပ်ကြောင့် ထိုးနှက်ခံရတဲ့အမျိုးသမီး ဆံပင်အရှည်ဖွာလန်ကြဲပြီး မျက်မှန်ကျိုးကာ အိမ်ပြန်ရောက်ပြီး မနက်ပိုင်းမှာလည်း မြေပြင်နဲ့ ရိုက်မိတဲ့ဒဏ်ကြောင့် ချောင်းဆိုးပြီး သွေးအန်တယ်လို့ ဆိုပါတယ်။
အမျိုးသမီးသတင်းထောက်တွေကို ကိုယ်ထိလက်ရောက် စော်ကားကျူးလွန်သူ ဝင်းကျော်ဆိုသူဟာ နွေဦးတော်လှန်ရေးအစက ကရင်နီနယ်ဖက်မှာ ကရင်နီတပ်ရင်း တပ်ဖွဲ့အချို့ရဲ့ ဘဏ္ဏာငွေ သိန်းရာချီကို လိမ်လည်ပြီး အညာဘက်ကို ၂၀၂၃ခုနှစ်က ထွက်ပြေးတိမ်းရှောင်လာခဲ့သူ ဖြစ်တယ်လို့ ကျူးလွန်ခံရသူက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာ( Facebook)မှာ ရေးသားထားပါတယ်။
အဲ့ဒိဖြစ်ရပ်အတွက် မြို့နယ် ပလဖ ရုံးမှာ တိုင်ချက်ဖွင့်ထားပြီး ပုဒ်မ ၂၉၄ နဲ့ ပုဒ်မ ၂၃၂ တို့နဲ့ အမှုဖွင့်ပေးမယ်လို့သိရပြီး ကျုးလွန်ခံရသူတွေအနေနဲ့ တရားမျှတမှု ရရှိတဲ့အထိ ဖြစ်သင့်တဲ့နည်းလမ်းတွေနဲ့ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ကျူးလွန်ခံရသူက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားပါတယ်။
အခုလိုအမျိုးသမီးနှစ်ဦးကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တဲ့ ပြစ်မှုနဲ့ပတ်သက်ပြီး တရားမျှတမှုရအောင်ဆောင်ရွက်ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ PDFတပ်ရင်းနဲ့သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ပြည်သူ့လုံခြုံရေးအဖွဲ့တွေကို မြေလတ်သတင်းဌာနက တိုက်တွန်းထားပါတယ်။
KNDF ဗျူဟာ(၈)ကအဲ့ဒိဖြစ်စဉ်အပေါ် မည်သူတစ်ဦးတစ်ယောက်အပေါ်တွင်ဖြစ်စေ အကြမ်းဖက် ကိုယ်ထိလက်ရောက် ကျူး လွန်သူ မှန်သမျှကို လူမှုအသိုင်းအဝိုင်းက ဝိုင်းဝန်းဖယ်ကျဉ်သင့်ပြီး ကိုယ်ထိလက်ရောက်ကျူးလွန်မှုတွေအတွက် ထိုက်သင့်တဲ့ပြစ်ဒဏ်ခံရစေရန် အားလုံးကဝိုင်းဝန်းတောင်းဆိုကြဖို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်အမှတ် (၈)ဗျူဟာက တိုက်တွန်းတောင်းဆိုတယ်လို့ ဖော်ပြပါရှိပါတယ်။
MK-012
#MekongNews








