ကရင်နီနဲ့ ရှမ်းတောင်တိုက်ပွဲတွေမှာ စစ်ကောင်စီက အဆိပ်ငွေ့ပါတဲ့ ဗုံးနဲ့ တိုက်ခိုက်နေ
မဲခေါင်၊ ဒီဇင်ဘာ ၁၃
ရှမ်းပြည်နဲ့ ကရင်နီပြည် နယ်စပ်က ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီက အက်စ်ဖော့စ် တံဆိပ်ပါတဲ့ အဆိပ်ငွေ့ပြားတွေ အသုံးပြုပြီးလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိတယ်လို့ ကရင်နီပြည်အမျိုးသား ကာကွယ်ရေးတပ်( KNDF) ကဒီနေ့ ( ဒီဇင်ဘာလ ၁၃ ) ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာလ ၇ ရက်နဲ့ ၈ ရက်က မိုးဗြဲမြို့နယ် အခြေစိုက်တဲ့ စစ်ကောင်စီတပ်ရဲ့ ခမရ (၄၂၂) တပ်ကနေ အနီးနားပတ်ဝန်းကျင်တွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ ဗုံးသီးနဲ့အတူ S-PHOS အက်စ်ဖော့စ် တံဆိပ်ပါ ၅၆၀ အဆိပ်ငွေ့ပြားတွေနဲ့ ထည့်သွင်းတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
အဆိပ်ငွေ့ပါတဲ့ ဗုံးသီးကို ၅ မိနစ်အတွင်း အလုံး ၃၀ ခန့်ကြဲချတယ်လို့ မြေပြင်သတင်းရင်းမြစ်တဦးက ပြောပါတယ်။
အဆိပ်ဗုံး ကျရောက်ရာ နေရာအနီးတဝိုက်မှာ မီးခိုးတွေအူထွက်လာပြီး ရှုမိတဲ့သူတွေအနေနဲ့ မူးဝေတာ၊ ခေါင်းမူးတာ၊ အော့အန်တာ၊ ခန္ဓာကိုယ်မလန်းမဆန်းဖြစ်တာ၊ အိပ်ချင်တာ၊ ယားယံတာ၊ အားအင်ပြတ်လပ်တာ စတဲ့ လက္ခဏာတွေ ခံစားရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကို တွင်တွင်ကျယ်ကျယ်ပြုလုပ်နေတာဖြစ်တဲ့အတွက် စစ်ဘေးရှောင်ပြည်သူတွေနှင့် ဒေသခံတွေအနေနဲ့ ဒရုန်းနဲ့ ကြဲချတိုက်ခိုက်တဲ့နေရာအနီးအနားမှာ ရှိနေခဲ့ရင် သွားရောက်ကြည့်ရှုတာမျိုး မပြုလုပ်ကြဖို့ကိုလည်း KNDF က အသိပေးထားပါတယ်။
ဖယ်ခုံ၊ မိုးဗြဲနဲ့ လွိုင်ကော်မြို့က လမ်းမကြီးပေါ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီးစစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာအပြင် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကိုလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်မှာလည်း ရှမ်းပြည်တောင်ပိုင်းက ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသတိုက်ပွဲမှာ စစ်ကောင်စီတပ်က ဓာတုအဆိပ်ငွေ့တွေပါတဲ့ ဗုံးနဲ့ ကြဲချတိုက်ခိုက်တာကြောင့် ရဲဘော်တချို့ မူးဝေတာတွေ ကြုံခဲ့ရပါသေးတယ်။
CJ-004
#MekongNews








