တာချီလိတ်မှာ ညဈေး ဆောက်ပြီးရင် လမ်းဘေးဈေးတွေ ထွေအုပ်ဖယ်ရှားမယ်
မဲခေါင်၊ ဒီဇင်ဘာ ၁၂
ရှမ်းအရှေ့၊ တာချီလိတ်မြို့မှာ ညဈေး ဆောက်လုပ်ရန် အစီအစဉ်ရှိနေပြီး ညဈေးပြီးပါက လက်ရှိရောင်းချနေတဲ့ လမ်းဘေးဈေးတွေ ဖယ်ရှားကာ ညဈေးမှာသာ ရောင်းချခွင့်ပြုသွားမယ်လို့ မနေ့ (ဒီဇင်ဘာ၁၁)က နေ့လယ် တာချီလိတ် ခရိုင်ထွေအုပ်မှာ ပြုလုပ်တဲ့အစည်းအဝေးမှာ သတ်မှတ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နယ်စပ်မြို့ဖြစ်လို့ ခရီးသွားဧည့်သည်တွေ လာရောက်ကြရာမှာ မြို့လယ် ဗိုလ်ချုပ်လမ်းမတစ်လျှောက် ပလက်ဖောင်းတွေပေါ်မှာ လမ်းဘေးဈေးသည်တွေ စနစ်တကျ ရောင်းချမှုမရှိတာကြောင့် အခုလို စီစဉ်တာဖြစ်ကြောင်း၊ ဒါဟာ တမင်အကြောင်းပြချက်ဖြစ်ပြီး ဆိုင်ခန်းနေရာ ရောင်းစားဖို့ ဖန်တီးတာလို့ စျေးသည်အများစုက ပြောပါတယ်။
“ မနက်နဲ့နေ့လယ် ရောင်းရတဲ့ ကုန်အမျိုးအစားတွေ ညကျမှရောင်းရမယ်တဲ့၊ အခြေခံ လူတန်းစားစျေးသည်တွေကို နှိပ်ကွပ်ပြီးမတန်မရာစျေးတွေနဲ့ ဆိုင်ခန်းတွေရောင်းစားဖို့ ကြံတဲ့လုပ်ကွက်ပဲ၊ တစ်ယောက်လာ တစ်မျိုး ငွေရှာနေကြတာ၊ ပြည်သူအတွက် တစ်ခုမှမပါဘူး”လို့ ဒေသခံစျေးသည်တစ်ဦးက မဲခေါင်ကို ပြောပါတယ်။
လက်ရှိမှာ ညဈေးအတွက် နေရာ ရွေးချယ်နေဆဲဖြစ်ပြီး ညဈေးဆိုင်ခန်းတွေ ဆောက်လုပ်ပြီးမှ လမ်းဘေးဈေးသည်တွေ ဖယ်ရှားသွားမှာဖြစ်ပြီး အစည်းအဝေးတက်ရောက်ခဲ့သူတစ်ဦးရဲ့ အပြောအရ ညဈေးနေရာကို ရွှေတိဂုံဘုရား အဆင်းအတက်နဲ့ ဂေါက်ကွင်းလမ်း နှစ်နေရာကို လျာထားပြီး နောက်အစည်းအဝေးတွေမှာ အတည်ပြုမယ်လို့ သိရပါတယ်။
“ ဖွင့်ဖြစ်ရင် ညနေ၄နာရီကနေ ၁၂နာရီ ခွင့်ပြုမယ်လို့တော့ ပြောတာပဲ၊ ခုလည်း ရှမ်းရိုးမကွင်းက တရားဝင်ညစျေးပဲလေ၊ အရင်လူတွေသတ်မှတ်ခဲ့တာပဲ၊ ခုနေရာရွှေ့ဖွင့်ရရင် ရှမ်းရိုးမကွင်းက ဘာလုပ်ဦးမလဲ မသိဘူး” လို့ဒေသခံတစ်ဦးက ပြောပါတယ်။
MK-012
#MekongNews
#တာချီလိတ်
#ညဈေး
#လမ်းဘေးဈေး
#ဖယ်ရှား
#ဆိုင်ခန်း








