လွိုင်ကော်စစ်ရှောင်တွေကို နေရပ်ပြန်ဖို့ စစ်ကောင်စီ ဖိအားပေး
မဲခေါင်၊ ဒီဇင်ဘာ ၆
လွိုင်ကော်မြို့နဲ့ အနီးတဝိုက်မှာ ၁၁၁၁ စစ်ဆင်ရေး တိုက်ပွဲတွေ ဖြစ်ပွားတာကြောင့် ညောင်ရွှေမြို့နယ်ဘက်ကို စစ်ရှောင်နေကြတဲ့ပြည်သူတွေ နေရပ်ပြန်နေကြဖို့ စစ်ကောင်စီတပ်က ဖိအားပေးတာတွေရှိနေတယ်လို့ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဒီဇင်ဘာလ ၃ ရက်မှာ ညောင်ရွှေဘုန်းကြီးကျောင်းကို အစည်းအဝေးခေါ်ပြီး လာမယ့် ၂၀၂၅ ခုနှစ် မတ်လမတိုင်ခင် နေရပ်ကို အပြီးပြန်ဖို့အတွက် စစ်ကောင်စီတပ်ရဲ့ ရပ်ရွာအုပ်ချုပ်ရေးတွေကတဆင့် အသိပေးတာတွေရှိနေပြီး အိမ်ရှင်တွေလည်း အိမ်ငှားခွင့်မရှိတော့သလို ဘုန်းကြီးကျောင်းမှာလည်း နေခွင့်မပြုတော့ဘူးလို့ ပြောပါတယ်။
” ကလေးတွေ ကျောင်းပိတ်တာနဲ့ သုံးလပိုင်းနောက်ဆုံးတဲ့၊ လွိုင်ကော်မှာလည်း အိမ်မရှိတော့ဘူး မီးထဲပါသွားပြီ၊ တခြားနေရာကိုပြောင်းရမှာပေါ့ “လို့စစ်ရှောင်အမျိူးသမီးတစ်ဦးက ပြောပါတယ်။
လွိုင်ကော်မြို့ကအိမ်တွေ ဗုံးကြဲခံရလို့ပျက်စီးပြီး ပျာပုံအတိဖြစ်နေသူ၊ လက်နက်ကြီးထိပြီး ပျက်စီးတဲ့အိမ်တွေရှိနေတာမို့ ပြန်လည်နေထိုင်စရာအိမ်မရှိတော့တဲ့အပြင် စစ်ကောင်စီဖိအားပေးတာကိုလည်း ခံနေရတယ်လို့ သိရပါတယ်။
“အိမ်မရှိတော့သူ ဘယ်လိုပြန်နေမလဲ၊ နေ့တိုင်း လေယာဉ်ဝဲနေတာ ဘယ်လိုစိတ်ချလက်ချအိပ်နိုင်မှာလဲ”လို့ စစ်ရှောင်တွေကို ကူပေးနေသူတစ်ဦးက ပြောပါတယ်။
လွိုင်ကော်မြို့ကို ပြည်သူတွေပြန်လည်နေထိုင်ပြီးစည်ကားလာစေဖို့၊ စစ်ကောင်စီတပ်ရဲ့ အုပ်ချုပ်ရေးယန္တာရားလည်ပတ်ပြီး အေးချမ်းသယောင်ပြနိုင်ဖို့အတွက် စစ်ကောင်စီတပ်က ညောင်ရွှေနဲ့ တခြားမြို့တွေက စစ်ဘေးရှောင်ပြည်သူတွေကို နေရပ်ပြန်ဖို့ ဖိအားပေးနေတာဖြစ်တယ်လို့ ဆိုပါတယ်။
CJ-004
#MekongNews








