သုံးနှစ်ကျော်အတွင်း အွန်လိုင်းက ဆန့်ကျင်သူ ၁၈၄၀ ကို စစ်ကောင်စီ ဖမ်းဆီးခဲ့
ရှမ်းနဲ့ ကရင်နီပြည်သူ အနည်းငယ်ပါဝင်
မဲခေါင်၊ ဒီဇင်ဘာ ၅
လူမှုကွန်ရက်ကနေ စစ်ကောင်စီကို ဆန့်ကျင်တဲ့ စာသား ရေးသားကာ တော်လှန်ရေးအင်အားစုတွေကို ထောက်ခံစာသား ရေးသားတာတွေကြောင့် သုံးနှစ်တာကာလအတွင်း ပြည်သူ ၁၈၄၀ ဦး အထိ ဖမ်းဆီးခံခဲ့ရတယ်လို့ Data For Myanmar အဖွဲ့က သိရပါတယ်။
စစ်ကောင်စီ စိုးမိုးနယ်မြေဖြစ်တဲ့ ပဲခူး၊ ရန်ကုန်၊ မန္တလေး၊ မကွေးနဲ့ ဧရာဝတီတိုင်းတွေမှာ ဖမ်းဆီးခံရသူ အများဆုံးဖြစ်ပြီး တိုင်းတတိုင်းကို ဖမ်းဆီးခံရသူ ၁၀၀ နဲ့အထက်မှာရှိနေကာ ရှမ်းနဲ့ မွန်ပြည်နယ်အပါအဝင် တနင်္သာရီ၊ စစ်ကိုင်းနဲ့ နေပြည်တော်မှာဖမ်းဆီးခံရသူ ၄၀ ကနေ ၁၀၀ ကြားရှိပါတယ်။ ကျန်တဲ့ ပြည်နယ်နဲ့တိုင်းတွေကတော့ ဖမ်းဆီးခံရသူ ၄၀ အောက်ရှိတယ်လို့ သိရပါတယ်။
၂၀၂၄ နှစ်အစကနေ အောက်တိုဘာ ၃၁ ရက်အထိ မြန်မာနိုင်ငံအနှံ့ ဖမ်းဆီးခံရသူ ၃၅၁ ဦးအထိ ရှိနေပြီး စစ်ကောင်စီတပ် စိုးမိုးရာဒေသတွေမှာ ဖမ်းဆီးခံရသူ ပိုမိုများပြားပါတယ်။ အဲ့ဒိပမာဏထဲမှာ ရှမ်းနဲ့ကရင်နီပြည် အပါအဝင် ချင်း၊ကချင်နဲ့ ရခိုင်ပြည်နယ်၊ တနသ်ာရီမှာဖမ်းဆီးခံရသူ ၁၆ဦးရှိခဲ့ပြီး ဩဂုတ်လနဲ့အောက်တိုဘာမှာ ကရင်နီနဲ့ ကရင်ပြည်နယ်၊တနသ်ာရီမှာ ငါးဦး ရှိခဲ့ပါတယ်။
” အရေးပါတဲ့ အွန်လိုင်းပလက်ဖောင်းတွေကို ထိန်းချုပ်ဖို့အတွက် အခုလိုဖမ်းဆီးမှုတွေလုပ်ဆောင်တာလို့ ပြောလို့ရပါတယ်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုတွေ အားနည်းသွားနိုင်ပါတယ်၊ စစ်ဆေးမေးမြန်းမှုတွေကြောင့် လုံခြုံရေးအရ စိုးရိမ်မှုတွေဖြစ်ပေါ်စေပါတယ်”လို့ Data For Myanmar က တာဝန်ရှိသူက ပြောပါတယ်။
လူမှုကွန်ရက်ကနေ အသံတိတ်သပိတ်ဆင်နွှဲတာ၊ ပန်းသပိတ်မှာ နှင်းဆီပန်းနဲ့ ဓာတ်ပုံရိုက်တင်တာ၊ ဒေသခံပြည်သူအများအပြား စစ်ကောင်စီလက်ချက်ကြောင့်သေဆုံးခဲ့ရလို့ ပရိုဖိုင်အနက်ရောင်ချိန်းတာတွေကို ဖုန်းစစ်ဆေးရာကနေတဆင့်တွေ့ရှိတာ၊ စစ်တပ်ကိုဝေဖန်စာရေးသားတာတွေကို လိုက်လံဖမ်းဆီးပြီး ပုဒ်မအမျိုးမျိုးနဲ့ ဖမ်းဆီးထောင်ချခဲ့တာပါ။
၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်ကစပြီး လူမှုကွန်ရက်ကနေ ဝါဒဖြန့်တာ၊လှုံ့ဆော်တာတွေအတွက် အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးပုဒ်မ၊ ရာဇသတ်ကြီးပုဒ်မ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မတွေနဲ့ ထောင်ဒဏ် ငွေဒဏ်တွေကို စစ်ကောင်စီတပ်ဖက်က သတ်မှတ်ပြီးဖမ်းဆီးတာတွေ စတင်ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီကို ထောက်ခံပြီး တခါတရံဝေဖန်ထောက်ပြတာတွေ ပြုလုပ်သူတွေကိုလည်း အလွတ်မပေးဘဲ ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့ကာ ပြည်သူတွေ၊ အနုပညာရှင်တွေ၊ သတင်းသမားတွေနဲ့ စစ်တပ်ထောက်ခံသူတွေလည်း ဖမ်းဆီးခံရတာတွေ ရှိပါတယ်။
စစ်ကောင်စီတပ်ကိုထောက်ခံပြီး အွန်လိုင်းကနေ ဝေဖန်မှုအချို့ပြုလုပ်ခဲ့တဲ့ ငါးမင်းဆွေကိုလည်း နိုဝင်ဘာလ ၉ ရက်မှာ ၅၀၅ က ပုဒ်မနဲ့ ကျိုက်ထိုရဲစခန်းမှူးက နေအိမ်ထဲ ဝင်ရောက်ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့ပါသေးတယ်။
CJ-004
#MekongNews








