မူဆယ်ဆင်ဖြူဂိတ် ကန့်သတ်ချက်တွေနဲ့ ဒီဇင်ဘာ ၁ ရက် ပြန်ဖွင့်မယ်
မဲခေါင်၊ နိုဝင်ဘာ ၂၈
ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မူဆယ်နယ်စပ် တရုတ်-မြန်မာနယ်စပ် ဆင်ဖြူဂိတ်ကို ဒီဇင်ဘာ ၁ ရက်မှာ ပြန်လည် ဖွင့်လှစ်မယ့် ကန့်သတ်ချက်တွေကို ထုတ်ပြန်လိုက်ကြောင်း မူဆယ်အခြေစိုက် နယ်စပ်ကုန်သည်တွေထံက သိရပါတယ်။
စည်းကမ်းချက် ၆ချက်ပါရှိတဲ့ သတ်မှတ်ချက်တွေကို တရုတ်နဲ့ စစ်ကောင်စီ ပူးတွဲထုတ်ပြန်တာလို့ ဒေသခံအချို့က ပြောပါတယ်။
အဆိုပါ ထုတ်ပြန်ချက်မှာ ကုန်ပစ္စည်း တင်မယ့်ကားနဲ့ ဆိုင်ကယ်တွေဟာ သတ်မှတ်ထားတဲ့ ခွင့်ပြုမိန့်တွေ ပါရှိရမယ်လို့ သိရပါတယ်။
မူဆယ်မြို့နယ်အတွင်းသာ စားသုံးရန်ဖြစ်တဲ့ မီးဖိုချောင်သုံး အသီးအနှံ၊ အသားနဲ့ငါးတွေကိုသာ တရုတ်ဘက်က ခွင့်ပြုကြောင်းနဲ့ ၊ အေးခဲသားတွေ အပါအဝင် အခြားလူသုံးကုန် ပစ္စည်းတွေကို တင်ဆောင်ခွင့်မပြုကြောင်း သိရပါတယ်။
အိမ်စီးကားတွေ စက်ဘီးနဲ့ လက်တွန်းလှည်းတွေနဲ့ ကုန်ပစ္စည်းတင်ဆောင်မှု လုံး၀ (လုံး၀) ခွင့်မပြုကြောင်းနဲ့ ဆိုင်ကယ်တွေနဲ့ ကုန်ပစ္စည်း တင်ဆောင်ရာမှာလည်း စားသုံးဖို့ မီးဖိုချောင်အသီးအနှံတွေ အသားနဲ့ငါးတွေကို အလွန်အကျွံ သယ်ဆောင်ခွင့်ပြုမှာ မဟုတ်ကြောင်း၊ ရှေ့တစ်ထုပ်၊ နောက်တစ်ထုပ်သာ ခွင့်ပြုမယ်စတဲ့ စည်းကမ်းချက်တွေပါ ရှိပါတယ်။
ဒေသခံ၁ဦးကတော့ “တရုတ်ဘက်ကို သွားဖို့ လာမယ့် နိုဝင်ဘာ ၃၀ ရက်နေ့မှာ မဲနှိုက်ရမှာ၊ ကား အစီး ၅၀ နဲ့မော်တော်ဆိုင်ကယ် အစီး ၂၀၀ သာခွင့်ပြုမယ်ကြားတယ်” လို့ ပြောပါတယ်။
စက်သုံးဆီကိုလည်း သတ်မှတ်ဂါလံနှုန်းနဲ့ သတ်မှတ်တဲ့ဆိုင်မှာ ရောင်းချပေးဖို့ အတွက် ဆီစာအုပ်တွေကို တိုက် ၂၆ ငွေဆင်အိမ်ရာ ကောင်းမူးတုံရပ်ကွက်မှာ သွားလုပ်ရမှာ လို့လည်း ပြောပါတယ်။
ယင်းအစီအစဥ်ကို ဒီဇင်ဘာ ၂ ရက်နေ့က စမှာဖြစ်ပြီး ယာဉ်အတွက် ဆီခွဲတမ်းအပြင် မီးစက်ဆီ ခွဲတမ်းပါ ခွင့်ပြုပေးမယ်လို့လည်း သိရပါတယ်။
မူဆယ် တရုတ်နယ်စပ် ဂိတ်တွေမှာ နန်းတော်ပေါက်က လူအဝင်အထွက်နဲ့ မန်ဝိန်းဂိတ်က ကုန်ကားတွေ အဝင်အထွက် အတွက်ဖြစ်ပြီး ဆင်ဖြူဂိတ်ကတော့ ကားငယ်နဲ့ဆိုင်ကယ်တွေ ကုန်တစ်ပိုင်တနိုင် သယ်ယူနိုင်တာမှာ အခု စည်းကမ်းချက်အသစ်တွေနဲ့ ဖွင့်ဖို့ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။
MK-012
#MeKongNews








