အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး လှုပ်ရှားမှုပြုလုပ်
မဲခေါင်၊ နိုဝင်ဘာ ၂၆
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ရက်တာ လှုပ်ရှားမှုအနေနဲ့ ထိုင်း-ကရင်နီ နယ်စပ်က ဒုက္ခသည် အမှတ်( ၁ )စခန်းမှာ နိုဝင်ဘာလ ၂၅ ရက်မှစပြီး ပြုလုပ်ခဲ့တယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံး- KNWO ကထုတ်ပြန်ထားပါတယ် ။
ထိုင်း-ကရင်နီနယ်စပ် ဒုက္ခသည်စခန်း အမှတ်( ၁ )မှာ ကြွေးကြော်သံတွေနဲ့ ချီတက်ကြွေးကြော်တာအပြင် အမျိုးသမီးအများအပေါ် အလေးထားဖို့၊ အိမ်တွင်းအကြမ်းဖက်မှု လျော့ချဖို့၊ မသန်စွမ်းတွေကိုခွဲခြားဆက်ဆံတာ မပြုလုပ်ဖို့၊ မူးယစ်ဆေးဝါးပပျောက်ဖို့၊ ငြိမ်းချမ်းတဲ့ပတ်ဝန်းကျင်ဖြစ်လာစေဖို့ကို ကိုယ်တိုင်စတင်ဖို့၊ အမျိုးသမီးတွေအပေါ် ချစ်ခင်လေးစားဖို့ စတာတွေပြောကြားခဲ့တယ်လို့ သိရပါတယ်။
“အဓိကက အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှူလျော့ကျစေဖို့ရယ် ပဋိပက္ခထဲမှာ အမျိုးသမီးတွေကို ကာကွယ်စေဖို့ရယ် အကြမ်းဖက်တဲ့အပြုအမူတွေက လက်ခံနိုင်စရာမဟုတ်ကြောင်း လူထုကိုအသိပေးတာတွေ လုပ်ပါတယ်။ “လို့ KNWO ရဲ့ ဒုဥက္ကဌကပြောပါတယ်။
၁၆ ရက်တာ လှုပ်ရှားမှု အနေနဲ့ထိုင်းနယ်စပ် စစ်ရှောင်စခန်းမှာ စတင်ခဲ့ကာအခမ်းအနားမှာ ကျောင်းသူ/သားတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့အကြီးအကဲတွေ၊ မိဘပြည်သူတွေ စုစုပေါင်း ၅၀၀ ကျော် တက်ရောက်ခဲ့ပြီး ဒီးမော့ဆို၊ ဖရူဆိုနဲ့ တခြားနေရာတွေမှာလည်း အမျိုးသမီးများအပေါ်အလေးထားဖို့လှုပ်ရှားမှုတွေ ဆက်လက်လုပ်ကိုင်သွားမယ်လို့ဆိုပါတယ်။
စစ်ရေးကာလမှာ အမျိုးသမီးနဲ့ ကလေးသူငယ်တွေက ထိခိုက်နစ်နာမှု ပိုမိုကြီးမားပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေလည်း ရှိနေတဲ့အတွက်စာနာထောက်ထားဖို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ကလည်း တိုက်တွန်းထားပါတယ်။
ကရင်နီပြည်မှာ စစ်ဘေးရှောင်ပြည်သူ သုံးသိန်းကျော်အထိရှိကာ အမျိုးသမီးနဲ့ ကလေးသူငယ်အရေအတွက်က နှစ်သိန်းဝန်းကျင်ထိရှိနိုင်ပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ၊ အကြမ်းဖက်ခံရမှုတွေ၊ လေကြောင်းရန်နဲ့ လက်နက်ကြီးရန်ကြောင့် သေဆုံးရမှုတွေကိုလည်း ကြုံတွေ့နေရတယ်လို့ စစ်ရှောင်အရေး ကူညီပေးသူတွေဆီက သိရပါတယ်။
ဓါတ်ပုံ။ KNWO
CJ-004
#MekongNews









