တောင်ကြီးမှာ ဆိုင်ကယ်ခိုးသူ ပေါများလာ
မဲခေါင်၊ နိုဝင်ဘာ ၂၂
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ဆိုင်ကယ်ပျောက်ဆုံးတာတွေ နေ့စဉ်လိုလို ဖြစ်ပေါ်နေပေမယ့် ကြပ်မတ်အရေးယူမယ့် အဖွဲ့အစည်းမရှိတာကြောင့် ဆုံးရှုံးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တောင်ကြီးမြို့ရဲ့ နေရာအနှံ့မှာ နေအိမ်ထဲထိ ဝင်ခိုးသူတွေ၊ ဆိုင်ရှေ့ရပ်ထားတာကို ခိုးသူတွေ၊ CCTV ရှိရက်နဲ့ အလျှင်အမြန် မောင်းယူသွားသူတွေ ရှိနေပြီး ဆိုင်ကယ်လည်း ပြန်မရသလို ခိုးတဲ့လူကိုလည်း ဖမ်းမမိဘူးလို့ သိရပါတယ်။
“ရဲစခန်းတိုင်ဖို့အတွက်လည်း အရေးယူပေးတာ၊ ရှာဖွေပေးတာမရှိဘူး၊ ငွေကြေးထပ်ကုန်ကျမှာမို့ နီးစပ်ရာ မေးမြန်းစုံစမ်းတာတွေပဲ လုပ်နေကြရတယ်လို့” ဒေသခံတစ်ဦးက ပြောပါတယ်။
“ဆိုင်ရှေ့မှာလာခိုးသွားတာ၊ စိတ်ကုန်ချက်၊ သူတို့က ခိုးဘီးတွေကို အကုန်ပြောင်းပစ်တာ၊ ဒူးကာတွေအကုန်လဲတာတဲ့၊ ခုအောင်ပန်းမှာ ခိုးဘီးပဲ ဝယ်တဲ့သူရှိတယ် ကြားတယ်”လို့ ဆိုင်ကယ်ခိုးခံရတဲ့ အမျိုးသမီးတယောက်က ပြောပါတယ်။
ဆိုင်ကယ်သူခိုးတွေက ခိုးဘီးတွေကို ပုံစံချက်ချင်းပြောင်းပြီး အောင်ပန်း၊ ကလောနဲ့ မိတ္ထီလာဖက်မှာ သွားရောင်းတာတွေ ကြားတယ်လို့ ဆိုပါတယ်။
စျေးဆိုင်တွေမှာ ဆိုင်ကယ်ပျောက်တတ်တဲ့ အသိပေးစာ ရေးကပ်ထားတာတွေ၊ သံကြိုး ချိန်းကြိုးငှားပေးတာတွေ ပြုလုပ်လာကြပါတယ်။
တန်ဆောင်တိုင်ကာလအတွင်း တစ်ရက်တည်းနဲ့ ဆိုင်ကယ် ၁၅ စီးထက်မနည်း ပျောက်ဆုံးတာတွေ ကြားသိရပြီး ခုလက်ရှိမှာလည်း ဆိုင်ကယ်ပျောက်ဆုံးတာတွေ နေ့စဉ်နဲ့အမျှ ရှိနေတယ်လို့ ကြားရပေမယ့်အရေအတွက် အတိအကျရရှိနိုင်ဖို့တော့ ခက်ခဲပါတယ်။
CJ-004
#MekongNews








