တန့်ယန်းမှာဖမ်းမိတဲ့ ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၇၀၀ကျော်ကို UWSA တရုတ်ထံလွှဲပြောင်းပေး
မဲခေါင်၊ နိုဝင်ဘာ ၂ဝ
ရှမ်းမြောက်က တန့်ယန်းမှာ ခြေကုတ်ယူတပ်စွဲထားတဲ့ UWSA က တန့်ယန်းမြို့နယ်အတွင်း ဖမ်းမိထားတဲ့ ကျားဖြန့်အွန်လိုင်း ငွေလိမ်လုပ်ငန်း လုပ်ကိုင်သူ ၁၀၀၀ကျော်ထဲက တရုတ်နိုင်ငံသား ၇၆၂ ဦးကို ညှိနှိုင်းချက်အရ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ဘက်ကို မနေ့က နိုဝင်ဘာ၁၉ရက်နေ့မှာ လွှဲပြောင်းခဲ့တယ်လို့ UWSA ပြောရေးဆိုခွင့်ရှိသူက မဲခေါင်ကို အတည်ပြုပါတယ်။
မနေ့ နိုဝင်ဘာ ၁၉ ရက်နေ့က UWSA တပ်စွဲ ထားတဲ့ တန့်ယန်း နယ်မြေအနီး တစ်ဝိုက်က ကျားဖျန့်လုပ်ငန်းလုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားတွေကို ပထမဆုံးအကြိမ်ဖမ်းဆီးခဲ့တာဖြစ်ပြီး သူတို့နဲ့အတူ Starlink ဂြိုလ်တု အင်တာနက် ၇၆ လုံး၊ ဖုန်း ၁၅၄၉ လုံး၊ ကွန်ပြူတာ ၈၂ လုံးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
အဲဒီဖမ်းဆီးရမိမှုနဲ့ ပတ်သက်ပြီး UWSA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းက “မှန်ပါတယ် ကျနော်တို့”ဝ”အဖွဲ့လုပ်ရှားတဲ့ တန့်ယန်း နယ်မှာကျားဖျန် ၁၀၀၀ ကျော်ဖမ်းမိတယ်။ ၇၆၂ ယောက်က တရုတ်ပြည်ကလူပါ။ မနေ့က”ဝ” တရုတ်နယ်စပ်ခြားဂိတ်မှာ လွဲပြောင်းပေးလိုက်ပါတယ်” လို့ မဲခေါင်သတင်းက ဆက်သွယ်မေးမြန်းတာကို ဖြေကြားပါတယ်။
ကျန်၃၀၀ခန့်က မြန်မာနိုင်ငံသားတွေဖြစ်ပြီး စစ်ဆေးမေးမြန်းတာ ပြီးစီးရင် ပြန်လွှတ်ဖို့ရှိပါတယ်လို့ ဦးညီရမ်းက ဆက်လက်ဖြေကြားပါတယ်။
တရုတ်နိုင်ငံသားတွေလွှဲပြောင်းမှုဟာ တရုတ်နိုင်ငံ၊ ယူနန်ပြည်ရဲ့ ပြည်သူ့လုံခြုံရေး နဲ့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်အရ “ဝ” ပြည်နယ် တရားရေးကော်မရှင်၊ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ တန့်ယန်းမြို့က ကိုယ်စားလှယ်တွေက ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသား ၇၆၂ ဦးနဲ့အတူ၊ သက်သေပစ္စည်းတွေကို တရုတ်နိုင်ငံကို လွှဲပြောင်းပေးခဲ့တာလို့ သိရပါတယ်။
ဖမ်းမိတဲ့ တရုတ်နိုင်ငံသား၇၆၂ ယောက်ကို မိုင်းမောခရိုင်၊ ပန်ဝိုင်မြို့နယ်မှာရှိတဲ့ ဒီယုံးဟော့ နယ်ခြားဂိတ်မှာ လွှဲပြောင်းပေးခဲ့တာလို့ သိရပါတယ်။
MK – 012
#MeKongNews










