RCSS က ဖမ်းဆီးထားသူတွေ တစ်ပတ်ကျော်ကြာတဲ့အထိ အဆက်အသွယ်မရသေး
မဲခေါင်၊ နိုဝင်ဘာ ၁၅
ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်မှာ မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားမှု/ သုံးစွဲမှုနဲ့ Rcss က စွပ်စွဲဖမ်းဆီးထားသူ လူငယ် ခုနှစ်ဦးနဲ့ သူတို့ရဲ့အုပ်ထိန်းသူတွေ တစ်ပတ်ကျော်ကြာတဲ့ ဒီနေ့အထိအဆက်အသွယ် မရသေးဘူးလို့ နီးစပ်သူတွေက ပြောပါတယ်။
ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ တပ်မတော်(RCSS/ SSA) က နိုဝင်ဘာလ ၆ ရက်နဲ့ ၇ ရက်တွေမှာ စွပ်စွဲဖမ်းဆီးခဲ့တာဖြစ်ပြီး ဘော်ဆိုင်းမြို့၊ မြို့မရပ်ကွက်က ကျော်စိုးလင်း၊ ဘော်ဆိုင်းကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာက ဦးအုန်းဖေနဲ့ သားဖြစ်သူ နှစ်ဦး၊ တံတားကန်ကျေးရွာမှ ထွန်းနိုင်၊ အောင်ခန့်ကို၊ ဖိုးကာတို့ ပါဝင်ကြတယ်လို့ သိရပါတယ်။
“တချို့က ရွာထဲဝင်ဖမ်းတာ၊ တံတားကန်က သုံးယောက်က သဲကုန်းရွာလမ်းဆုံမှာ ဖမ်းသွားတာ၊ ကျန်တာဘယ်မှာဖမ်းထားလဲ ဘာညာ ဘာမသိရသေးဘူး၊ အခုက ဖုန်းကိုမဆက်လာသေးဘူး” လို့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ အသက် ၁၄ နှစ်အရွယ် တစ်ဦး (အောင်ခန့်ကို)နဲ့ အသက် ၅၀ ကျော်အရွယ် တစ်ဦး (ဦးအုန်းဖေ) ပါဝင်ပြီး ဖမ်းဆီးခံရသူ အားလုံးဟာ မူးယစ်ဆေး တကယ်သုံးစွဲ/ရောင်းဝယ်သူတွေ မဟုတ်ဘူးလို့ နီးစပ်သူတွေက ဆိုပါတယ်။
ဒါ့အပြင် RCSS က ၎င်းကို လာဘ်ပေးထားတဲ့ မူးယစ်ဆေးရောင်းဝယ်ဖောက်ကားသူတွေကို ဖမ်းဆီးတာမျိုး မရှိဘဲ သာမာန်အရပ်သားတွေနဲ့ သုံးစွဲသူတွေကိုသာ ဖမ်းဆီးငွေညှစ်တာ၊ တပ်သားသစ် စုဆောင်းတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေကဆီက သိရပါတယ်။
“သူတို့ဖမ်းရင် လူကောက်တာလား၊ ဆက်ကြေးရချင်လို့ ဖမ်းတာလား၊ ဒီ နှစ်ခုပဲ ရှိတာ၊ အရင်ကတော့ ရှမ်းချင်းချင်းပဲ ကောက်တာ၊ အခုကလူမျိုးစုံပဲ” လို့ဘော်ဆိုင်းဒေသခံတစ်ဦးက ပြောပါတယ်။
ဖြစ်စဉ်နဲ့ ပတ်သက်ပြီး RCSS ရဲ့ ဒုတိယဗိုလ်မှူးကြီးအွမ်ခေးကို မဲခေါင်သတင်းဌာနက ဖုန်းနဲ့သုံးကြိမ်တိုင်တိုင် ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားမှု မရှိပါဘူး။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၀ ရက်ကလည်း ပင်းတယမြို့နယ် အင်းငယ်ကျေးရွာမှာ ၁၁ ဦး၊ ရပ်စောက်မြို့နယ်၊ စန်းရေဦး ကျေးရွာမှာ ကိုးဦး၊ စုစုပေါင်း ၂၀ဦး ကို RCSS က မူးယစ်ဆေးအကြောင်းပြ ဖမ်းဆီးခဲ့ပြီး ရပ်စောက်မြို့နယ်၊ အလယ်ချောင်နဲ့ ကောင်းဘို့ကျေးရွာကြားမှာ ချုပ်နှောင်ထားဆဲပါ။
ဓနုဒေသအပါအဝင် ထိစပ်ဒေသတွေကို ဇွန်လပိုင်းကတည်းက စစ်ကောင်စီလက်အောက်ခံ ဒေသစီမံအုပ်ချုပ်ရေး ဥက္ကဌ အာကာလင်း ခွင့်ပြုချက်နဲ့ RCSS က ဝင်ရောက်လာတာ ဖြစ်ပြီး ဒေသတွင်း မူးယစ်ဆေးအကြောင်းပြ ဖမ်းဆီးတာ၊ တပ်သားသစ် စုဆောင်းတာ၊ ဆက်ကြေးကောက်ခံတာတွေ ကျူးလွန်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပုံ-RCSS
MK-14
#MeKongNews








