နောင်ချိုနဲ့ ပြင်ဦးလွင်ကြားမှာ တိုက်ပွဲပြင်းထန်နေ
မဲခေါင်၊ နိုဝင်ဘာ ၁၃
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်နဲ့ မန္တလေးတိုင်း ၊ ပြင်ဦးလွင်မြို့နယ်ကြားမှာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA )တို့ တိုက်ပွဲတင်းမာနေဆဲပဲလို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
နောင်ချိုနဲ့ ပြင်ဦးလွင်ကြားက ဂန့်ကော်ကျေးရွာအနီးနဲ့ စစ်ကောင်စီရဲ့ အမြောက်တပ်တည်ရှိရာ နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။
“ တိုက်ပွဲတော့ တင်းမာနေတယ် ၊ စစ်တပ်ကလည်း ပြင်ဦးလွင်ကနေ အင်အားဖြည့်နေတယ်၊ ရှမ်းတောင်ရပ်စောက်ဘက်ကနေလည်း အင်အားဖြည့်နေတယ် ၊ တိုက်ပွဲကတိုက်လိုက် ငြိမ်လိုက်နဲ့ပါပဲ။ နှစ်ဖက်စလုံးကလည်း တင်းမာနေတယ် “ လို့ သတင်းအရင်းအမြစ်က ပြောပါတယ်။
နောင်ချိုမြို့ကို တအာင်းတပ်နဲ့ ပူးပေါင်းတပ်တို့က သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်က လက်လွတ်ခဲ့ရတာကြောင့် မြို့တွေကို လေကြောင်းနဲ့ ပြန်လည်တိုက်ခိုက်နေသလို မြေပြင်အောက်မှာလည်း ထိုးစစ်ဆင်ရာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ၎င်းကဆိုပါတယ်။
မနေ့က(နိုင်ဝင်ဘာ ၁၂ ) နောင်ချိုမြို့လယ်ခေါင်ရှိတဲ့ လက်ဖက်ရည်ဆိုင်ကို စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းနဲ့ ပေါင်(၅၀၀) ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံပြည်သူ ၁၁ ဦးထက်မနည်းသေဆုံးကာ ၁၀ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။
ဂန့်ကော်ကျေးရွာကို စစ်ကောင်စီတပ်က ရက်၂၀ နီးပါးထိုးစစ်ဆင်ခဲ့ကာ ပြန်လည်ထိန်းချုပ်ခဲ့တာကြောင့် နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာမှာတော့ သုံးလကျော်ကြာထိ တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။
MK 11
#၊MekongNews








