ကွမ်းလုံပြည်သူတွေ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်ခွင့်မရ
မဲခေါင်၊ နိုဝင်ဘာ ၁၂
MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်၊ကွမ်းလုံမြို့မှာ ဒေသခံလူထုအတွက် လုံလောက်တဲ့ ဆေးရုံနဲ့ အရေးပေါ် ဆေးပေးခန်းတွေ မရှိတာကြောင့် ကွမ်းလုံမြို့နဲ့ အနီးစပ်ဆုံးဖြစ်တဲ့ “ဝ”ဒေသ ဟိုပန်မြို့ရှိဆေးရုံကိုသာ အားထားနေရတယ်လို့ ကွမ်းလုံဒေသခံတွေက ပြောပါတယ်။
“အရင်က လားရှိုးသွားရတယ်၊ အဲဒီမှာ ကုသနိုင်တာများတယ်၊ ကွမ်းလုံမှာလည်း မြို့နယ်အဆင့်အတိုင်း ကုသနိုင်စွမ်းရှိခဲ့ပေမယ့် လက်ရှိမှာတော့ ရိုးရိုးနေမကောင်းတာလောက်ပဲ ရတော့တယ်”လို့ ဒေသခံ တစ်ဦးကပြောပါတယ်။
ဟိုပန်ဆေးရုံက မနိုင်တဲ့ နာတာရှည်၊ ရင်ခေါင်းဖွင့် ၊ ဗိုက်ဖွင့်၊ အရိုးရောဂါတွေကိုတော့ ငွေကြေးတတ်နိုင်မှု ရှိ၊ မရှိအပေါ် မူတည်ပြီး တောင်ကြီး၊ မန္တလေးဘက်တွေဆီ သွားရလို့ အခက်တွေ့နေရတယ်လို့ ဆိုပါတယ်။
“ပထမပိုင်းတိုက်ပွဲပြီးတော့ CDM ဆရာဝန်တွေနဲ့ လည်ပတ်တယ်၊ ဒုတိယပိုင်းစစ်ဆင်ရေး ပြန်စတော့ စစ်တပ်ရဲ့ လေကြောင်းရန်ကြောင့် ကျောင်းတွေ၊ ဆေးပေးခန်းတွေ ရက်အသန့်အသတ်မရှိ ပိတ်လိုက်ရတယ်၊ ဆေးရုံ တက်ရမဲ့ လူနာတို့ ခွဲစိတ် လူနာတို့ဆိုရင် ဟိုပန်၊ နမ့်တစ် ဆေးရုံကို လွှဲတယ်၊ နာတာရှည်သမားတို့၊ အရိုးတို့၊ ခွဲစိတ်လူနာတို့ဆို ပိုက်ဆံရှိရင် ရှိသလို တောင်ကြီး၊ မန္တလေးဘက်အထိကို သွားတက်ရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၂ရက်နေ့မှာ MNDAAဟာ ကွမ်းလုံ ကို သိမ်းပိုက်ခဲ့တာမို့ တနှစ်ပြည့် ကာလ ထိန်းချုပ်ရေးနဲ့ ပြန်လည် ထူထောင်ရေးလုပ်စဥ်မှာ ဒေသခံလူထုရဲ့ ကျန်းမာရေးကဏ္ဍကို ဖြည့်ဆည်းပေးနိုင်ဖို့ လိုအပ်နေသေးတယ်လို့ ဒေသခံလူထုကပြောဆိုနေတာ ဖြစ်ပါတယ်။
MK – 012








