မဲခေါင်၊ နိုဝင်ဘာ ၁၁
ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ-မိုင်းဖြတ်- တာချီလိတ်သွား ကားလမ်း ဆိုးရွားစွာ ပျက်စီးနေပေမယ့် ပြုပြင်ပေးတာမရှိလို့ ကားတွေ ပျက်စီးမှုများပြားကာ ခရီးချိန် တစ်ဆခန့် ပိုမိုမောင်းနှင်နေရတယ်လို့ သိရပါတယ်။
အဆိုပါလမ်းပိုင်းမှာ ကျိုင်းတုံကနေ မိုင်းဖြတ်၅၁မိုင်မှာ ယန်းခ၊ ဆွတ်ပလောင်း၊ ဆိုင်းလေရွာတွေကနေ ပန်ကွဲ၊ တာကျောက်နဲ့ ဆွတ်ရွဲရွာတွေ ကြားမှာ အဆိုးဆုံးလမ်းတွေပျက်နေတာလို့ ခရီးသွားကားတွေထံက သိရပါတယ်။
‘ဒီနှစ်ထဲ ပြင်တာက သဲဖို့တာလောက်ပဲရှိတာ၊ ခုလိုမိုးရွာတော့ ပိုပျက်တာပေါ့၊ ကားတွေ ချိုင့်တွေ ရှောင်မောင်းရခက်လောက်အောင်ကို ကျင်းတွေချိုင့်တွေ ပိုများ ပိုကြီးလာတာ”လို့ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
အရင်က၂နာရီခွဲ ပဲ မောင်းရတဲ့ခရီးကို အခု ၄နာရီခွဲ လောက်မောင်းရတယ်လို့ဆိုပါတယ်။
အဆိုပါလမ်းပိုင်းမှာ အေရှားဝါး၊ သော်တာဝင်းကုမ္ပဏီက လမ်းအသုံးပြုခတွေ ကောက်ခံနေပေမယ့် လမ်းကောင်းအောင် ပြုပြင်ပေးတာတော့ မရှိလို့ ခရီးသွားတွေက ဝေဖန်နေကြကြောင်း သိရပါတယ်။
‘တိုးဂိတ်ကငွေကောက်တော့ အတိအကျကောက်တယ်၊ လမ်းမကောင်းတာကြတော့ လမ်းမပြင်ပေးဘူး အဲတာအိပ်၊စား၊ဝါးလို့ခေါ်တယ်၊ ဂိတ်တွေဆိုတာက ငါကြေးတွေ၊ ဂါကြေးတွေရှာတာ လမ်းပြုပြင်ထိမ်းသိမ်းဖို့ဆိုတာက နှစ်စဉ်ဘတ်ဂျက်ချထားပေးပြီးသား ဝန်ကြီး တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့်ဆင့် ခိုးယူနေကြတာ လမ်းပြင်ဖို့ကြတော့မရှိတော့ဘူး အဲတာတစ်နိုင်ငံလုံးမှာဖြစ်နေတာ’လို့ ဒေသခရီး သွားတစ်ဦးကပြောပါတယ်။
တာချီလိတ်ကနေ ကျိုင်းတုံအထိ ၁၀၁မိုင်ရှိပြီး နယ်စပ်ကုန်သွယ်မှုသာမက ရှမ်းအရှေ့တာချီလိတ်ခရိုင်အတွင်းက ကျိုင်းလတ်လိုမြို့ရွာတွေနဲ့မိုင်းဆတ်၊ မိုင်းတုံခရိုင်တွေကမြို့ရွာတွေကပါ ကျိုင်းတုံကို စဥ်ဆက်မပြတ် ဆက်သွယ်ကူးသန်းသွားလာနေကြရတာကြောင့် ကျိုင်းတုံ- မိုင်းဖြတ်- တာချီလိတ်ကားလမ်း ကောင်းမွန်ဖို့ အထူးလိုအပ်နေကြောင်း စုံစမ်းသိရပါတယ်။
MK – 012












