မဲခေါင်၊ နိုဝင်ဘာ ၈
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်မြို့၊ အောင်သုခရပ်ကွက်မှာ ပအိုဝ်းလူငယ် တစ်ဦးကို အခုလ(နိုဝင်ဘာ) ၂ ရက်က ပအိုဝ်းပြည်သူ့စစ် (PNA)မှ ပစ်ခတ်ဖမ်းဆီးကာ ပြန်ပေးဆွဲပြီး ကျပ်သိန်း၃၀နဲ့ပြန်ရွေးခိုင်းတယ်လို့သိရပါတယ်။
ခွန်ထွန်းကျော်ဦးရဲ့သားဖြစ်သူ အသက် ၂၁ အရွယ် ခွန်လှတီးနဲ့လူငယ်ခြောက်ဦး ပုံနဂါးရေကန်ကို သွားရောက်လည်ပတ်စဉ်မှာPNA တပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပါတယ်၊ ဒီအချိန်မှာ လူငယ်တွေထွက်ပြေးကြလို့ သေနတ်နဲ့ပစ်ခတ်ရာမှာ ခွန်လှတီးကို ထိမှန်ကာဖမ်းဆီးခံရတာပါ။ လူငယ် ငါးဦးကတေ့ ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။
“ PNA က ဘာလို့ ရောက်လာလဲဆိုတော့ သူတို့ သတင်းပေး ခွန်ထွိုက်အောင် ဖုန်းဆက်လို့ ရောက်လာတာ၊သူတို့ရှေ့မှာပဲ ဖုန်းဆက်ခေါ်လို့ ထွက်ပြေးရတာ” လို့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
အဲဒီနောက်မှာ ၎င်းရဲ့ မိဘတွေက လိုက်လံစုံစမ်းခဲ့ပေမယ့် သတင်းအစအန မရခဲ့ဘဲ နိုဝင်ဘာလ ၆ ရက်ရောက်မှာသာ သိန်း ၃၀ နဲ့ ပြန်ရွေးရမယ်ဆိုတဲ့အကြောင်း PNA ဖက်က ဖုန်းနဲ့ ဆက်သွယ်ပြောကြားလာတယ်လို့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
လက်ရှိမှာ ၎င်းရဲ့ မိဘတွေဟာ လက်လုပ်လက်စား အခြေခံလူတန်းစားတွေ ဖြစ်တာကြောင့် ကျပ် သိန်း ၃၀ ရရှိဖို့ ခက်ခဲနေပေမယ့်၊ သားဖြစ်သူပြန်ရဖို့အတွက် ရှိတာလေးပေါင်နှံရောင်းချရမယ့်အခြေအနေရှိတယ်လို့ပြောပါတယ်။
“သူတို့ ပြောပုံအရတော့ လူကောက်တာ မရလို့ ဖမ်းတာပေါ့၊တကယ်လည်း ဟုတ်တာပဲ၊ အဲတော့ သိန်း ၃၀ နဲ့ သူတို့က လူပြန်ငှားမယ်၊ မပေးဘူးဆို လူက ပြန်မရဘူးပေါ့၊ တကယ်က ပိုက်ဆံလိုချင်လို့ သက်သက်လုပ်တာပါ” လို့ ဆွေမျိုးနီးစပ်သူ တစ်ဦးက ပြောပါတယ်။
အလားတူ မတ်လ ၁၀ ရက် ညပိုင်းက ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဒေသန္တရဖွံ့ဖြိုးရေး တာဝန်ခံ ဖြားမောင်ဟန်ကို ဖမ်းဆီးပြီး ငွေကြေးသိန်းဆယ်ဂဏန်းနဲ့ ပြန်ရွေးခဲ့ရသလို မေလ ၉ ရက်ကလည်း ဆီဆိုင်မြို့နယ်၊ နောင်ရင်းကျေးရွာနေ ရွာသူကြီး အမွှာညီအကို နှစ်ဦး ဖြစ်တဲ့ ခွန်ဇာခွန်နဲ့ ခွန်ပလွန်တို့ကိုလည်း ဖမ်းဆီးသတ်ဖြတ်ပြီး သူတို့ ပိုင်ဆိုင်တဲ့ ကားကို အဓမ္မသိမ်းဆည်းခဲ့ဖူးပါတယ်။
ဒါ့အပြင် စစ်အာသိမ်းကာလအစတုန်းက ဆီဆိုင်မြို့နယ် စည်ပင်ဥက္ကဌဟောင်း ခွန်ဗွာထိုသွေးကိုလည်း ဖမ်းဆီးကာ စစ်ကောင်စီထံ အပ်နှံခဲ့ပြီး ၂၀၂၂ ခုနှစ် ဇူလိုင်လတုန်းကလည်း မီးပွဲတော်မှာ PNA ဗိုလ်ကြီးရဲ့ ရမ်းသန်း ပစ်ခတ်မှုကြောင့် ဆိုက်ခေါင်မြို့၊ သီရိဇွန်ရပ်ကွက်နေ အသက် ၂၂ အရွယ် နန်းခမ်းအွန်လည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
MK-014








