မဲခေါင်၊ နိုဝင်ဘာ ၆
တောင်ကြီးမြို့မှာ အောက်တိုဘာ ၂၇ ကတည်းက နေ့စဥ်ဖမ်းဆီးနေတဲ့ လိုင်စင်မဲ့ယာဉ်တွေကို တန်ဆောင်တိုင်ပွဲတော်ပြီးတဲ့အထိ ဆက်လက်ဖမ်းဆီးမယ်လို့ မြို့ခံတွေကပြောပါတယ်။
တစ်ရက်ကို လိုင်စင်မဲ့ဆိုင်ကယ် ၁၀၀ ဝန်းကျင်ထိဖမ်းဆီးခံနေရတာဖြစ်လို့ ဒီနေ့ထိဆိုရင် အစီးရေ ၅၀၀ ကျော်ဖမ်းမိထားပြီလို့ သတင်းအရင်းအမြစ်က ခန့်မှန်းပါတယ်။ ဖမ်းမိတဲ့ဆိုင်ကယ်တွေကို ယာဉ်ထိန်းရုံးမှာထားရှိပေမယ့် ကားများကို တခြားနေရာပို့ဆောင်တယ်လို့ဆိုပါတယ်။
ဖမ်းဆီးရာမှာလည်း လမ်းပေါ်သတ်မှတ်နေရာတွေမှာ စောင့်ဆိုင်းဖမ်းဆီးသလို လှည့်လည်ဖမ်းဆီးတာ၊ အိမ်ခြံဝန်းအထိ လိုက်လံဖမ်းဆီးတာမျိုးအထိ လုပ်ဆောင်နေတာပါ။
အရင်နှစ် တန်ဆောင်တိုင်ပွဲတော်တွေတုန်းက လိုင်စင်မဲ့ယာဉ်အားလုံး စီးနင်းခွင့်ပြုခဲ့ပေမယ့် လက်ရှိမှာ ပွဲတော်အတွင်း လုံခြုံရေးတင်းကြပ်တာနဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်းရဲ့ နိုင်ငံခြားသွင်းကုန်ရပ်ဆိုင်းတာတွေကြောင့် တစ်ရက်ကို ယာဉ်အစီးရေ ရာချီဖမ်းဆီးနေတာပါ။
“အရင်က ဘုန်းကြီးကျောင်းကားတွေ ကျောင်းတိုက် စတစ်ကာ ကပ်ထားရင် လွတ်တယ်၊ အခုက ဘုန်းကြီးမပါရင် မလွတ်ဘူး၊ ကပ္ပီယတစ်ယောက်ထဲဆို တစ်ခါတည်း သိမ်းသွားတာ” လို့ ကိုယ်တိုင်ကြုံခဲ့ရသူ သက်လတ်ပိုင်းအရွယ် အမျိုးသား တစ်ဦးက ပြောပါတယ်။
အရင်က လိုင်စင်မဲ့ကားတွေကို ဖမ်းဆီးရာမှာ ပြေစာနဲ့ ရုံးချိန်းသွားရောက်ပြီး ဒဏ်ကြေးဆောင်ခဲ့ရပေမယ့် လက်ရှိမှာတော့ လိုင်စင်မဲ့ကားအားလုံးကို ပြေစာမပေးတော့ဘဲ အပြီးသတ် သိမ်းယူနေတာပါ။
“ပြန်ရတဲ့ ကားတွေ၊ ဆိုင်ကယ်တွေက လိုင်စင်ရှိတယ်၊ မောင်းလိုင်စင် မပါတာ၊ ဦးထုပ်မပါတာတွေကြောင့် ဖမ်းခံရတာ၊ အဲတာတွေက ပြေစာရတယ်၊ ရုံးချိန်းသွားရတယ်” လို့ ကိုယ်တိုင်ကြုံခဲ့ရသူ အမျိုးသား တစ်ဦးက ဆက်ပြောပါတယ်။
တောင်ကြီးမြို့မှာ အရင်က မီးပွိုင့်နေရာတွေနဲ့ လမ်းဆုံလမ်းခွ တချို့မှာသာ CCTV ရှိခဲ့ပေမယ့် အောက်တိုဘာလ ၃၀ ရက်က လိုင်စင်မဲ့ ယာဉ်တွေကို စောင့်ကြည့်ဖို့အတွက် စဝ်စံထွန်းဈေး အနောက်မြောက်လမ်းဆုံ၊ အနောက်မြို့ပတ်လမ်း အောက်သုခအနီး၊ TTC ဆရာအတတ်သင်ကျောင်းလမ်း၊ ဗိုလ်ချုပ်လမ်း BOC စက်သုံးဆီအရောင်းဆိုင်အနီး ညောင်ပင်လမ်းဆုံ စတဲ့ နေရာတွေမှာ CCTV တိုးချဲ့တပ်ဆင်ထားပါတယ်။
“ကားတွေဆိုင်ကယ်တွေကို CCTV စောင့်ကြည့်ဖို့ ဘဲဥ(ယာဉ်ထိန်း)တွေကို သပ်သပ်ဂျူတီ ချထားတယ်၊ အရပ်ဝတ်နဲ့ ရပ်ကွက်ပတ်ကြည့်တဲ့အဖွဲ့က သပ်သပ်၊ သူတို့ ဂျူတီက အမြဲချိန်းနေတာ” လို့ ယာဉ်ထိန်းရဲနဲ့ ပုဂ္ဂိုလ်ရေးအရ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
လိုင်စင်မဲ့ ယာဉ်တွေကို ဖမ်းဆီးရာမှာလည်း တချို့ လမ်းထောင့်တွေမှာ ယာဉ်ထိန်းရဲ ပါဝင်တာမျိုးမရှိဘဲ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ သီးသန့်သာ လုပ်ဆောင်နေတာဖြစ်ပြီး ဥပဒေနဲ့ မညီတဲ့အပေါ် မြို့ခံတွေဖက်ကလည်း ဝေဖန်ဆဲဆိုနေကြပါတယ်။
တောင်ကြီးမြို့ပေါ်နေရာတွေဖြစ်တဲ့ ဝါးပြားလမ်းဆုံ၊ ၃ လမ်းဆုံ၊ ဧရာဝတီလမ်းဆုံ၊ စူဠာမုနိဘုရားအနီး တက္ကသိုလ်လမ်းဆုံ၊ ချယ်ရီကွင်းလမ်းဆုံ၊ အထက ၅ လမ်းဆုံနေရာတွေနဲ့ မြို့ဝင်ဂိတ်တွေမှာ ယာဉ်ထိန်းရဲနဲ့ စစ်ကောင်စီပူးပေါင်းအဖွဲ့က လှည့်လည်သွားလာပြီး ဖမ်းဆီးနေတယ်လို့ သိရပါတယ်။
ဓါတ်ပုံ။ ယာဉ်ထိန်းရဲ တစ်ဦးရဲ့ Facebook Account မှ။
MK-014










