မဲခေါင်၊ အောက်တိုဘာ ၃၀
‘ဝ’နဲ့ မိုင်းလားနယ်စပ်က မြန်မာ-တရုတ် နယ်စပ်ဂိတ်တွေမှာ ကုန်စည်တင်သွင်းခွင့် တရုတ်ဘက်ကပိတ်တာကြောင့် ရှမ်းအရှေ့က ပြည်သူတွေ တရုတ်ထုတ်ပစ္စည်း ရဖို့ခက်ခဲကုန်တဲ့အပြင် တာချီလိတ်နယ်စပ်မှာလည်း စစ်ကောင်စီက ထိုင်းကုန်ပစ္စည်းတင်သွင်းမှုကို တင်းတင်းကြပ်ကြပ်ပိတ်ထားတာကြောင့် ပြည်သူတွေ အခက်တွေ့နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မိုင်းလားဂိတ်ကနေ အစားအသောက်ကလွဲလို့ တခြားလူသုံးကုန်၊ ဆောက်လုပ်ရေးသုံးကုန်တွေ ဘာမှ သယ်လို့မရတော့လို့ ကုန်ပစ္စည်းတွေ ဈေး၂ဆတက်လာတယ်လို့ ကျိုင်းတုံဒေသခံတစ်ဦးက ပြောပါတယ်။
“စက်တွေ၊ အိမ်ဆောက်ပစ္စည်းတွေ၊ လျှပ်စစ်ပစ္စည်းတွေ အကုန် အရင်ကထက် ၂ဆတက်တယ်။ ထိုင်းဆီ (စားသုံးဆီ)တွေလဲဖမ်းမယ်ပြောလို့ စျေးထဲက ပျောက်ကုန်ပြီ” လို့ သူက ပြောပါတယ်။
လက်ရှိမှာတော့ ‘၀’ဒေသ နမ့်တစ် (မန်ခါး) ဂိတ် နဲ့ ဂိတ်အကြီးတွေဖြစ်တဲ့ မုန်အားဂိတ်၊ ဆောဖာဂိတ်အပြင် မိုင်းလား နယ်စပ်ကဂိတ်တွေအားလုံးကိုပါ ကုန်စည်တင်သွင်းခွင့်ပိတ်ထားပြီး လူနဲ့ စားသုံးကုန်၊ ဟင်းသီးဟင်းရွက်သာ သယ်ယူခွင့်ပေးထားတာလို့ ဒေသခံတွေထံက သိရပါတယ်။
ဒါ့အပြင် ရှမ်းပြည်အရှေ့ပိုင်းက မဲခေါင်မြစ်ဆိပ်ကမ်းတစ်ခုဖြစ်တဲ့ ဝမ်ပုံဆိပ်ကမ်းကို တရုတ်ကုန်စည်တွေဝင်တဲ့ တရုတ်ဂိတ်တွေပါပိတ်ထားတာကြောင့် တာချီလိတ်ကို စီးဆင်းနေတဲ့ တရုတ်ကုန်စည်တွေ ရပ်တန့်ကုန်တယ်လို့ ကုန်သည်တွေထံက သိရပါတယ်။
တရုတ်ဘက်ကနေ မြန်မာဘက်ကိုဝင်တဲ့ ကုန်စည်တွေကို တရုတ်ကပိတ်ထားသလို ထိုင်းနယ်စပ်က ပုံမှန်တင်သွင်းနေကျ ထိုင်းကုန်စည်တွေကိုလည်း စစ်ကောင်စီက တရားမဝင်ကုန်တင်သွင်းမှုအကြောင်းပြပြီး တင်တင်းကြပ်ကြပ်ပိတ်ထားတယ်လို့ တာချီလိတ်ကုန်သည်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးက မဲခေါင်ကို ပြောပါတယ်။
“ဂိုထောင်ထဲအထိ လိုက်စစ်မယ်ဆိုလို့ ဘာပစ္စည်းမှ မထားရဲဘူး။ ခုတရုတ်ဖက် အဝင်လဲမရှိတော့ ရှိတာကို သင့်တဲ့စျေးနဲ့ပဲရောင်းရမှာ။ ကုန်ရင် ထပ်ရမရ မကြိမ်းသေဘူး။ ထိုင်းဘက်ကလည်း ကားတွေသွင်းတာကအစ ရပ်ထားရတယ်။ ဘာပစ္စည်းမှ အဝင်မရှိဘူး။ စကစ ကတော့ တရားမဝင်သွင်းတာ ဖမ်းမယ်လို့ပြောတာ။ ဒါပေမယ့် တရားဝင်တင်သွင်းခွင့်လည်း ဘယ်တုန်းကမှ ပေးတာမဟုတ်ဘူး။ ဒီလိုပဲ သွင်းနေကြရတာ” လို့ သူက ပြောပါတယ်။
ကျိုင်းတုံနဲ့ တာချီလိတ်ဘက်က တင်သွင်းတဲ့ ကုန်ပစ္စည်းတွေကို အမှီပြုနေရတဲ့ မိုင်းတုံ၊ မိုင်းဆတ်လို ရှမ်းပြည်အရှေ့ပိုင်းမြို့တွေက ပြည်သူတွေဟာ စက်တင်ဘာလအတွင်းက ရေကြီးတာ၊ မြန်မာငွေကြေးဖောင်းပွတာတွေကြောင့် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ခံစားနေရပြီး အခုလမ်းတွေကောင်းလို့ ကုန်တွေပြန်ဝင်လာရင် ဈေးကျဖို့ မျှော်လင့်ခဲ့ကြပေမယ့် အခုတော့ ကုန်တွေပိုရှားပြီး ဈေးပိုကြီးလာတယ်လို့ ညည်းတွားနေကြပါတယ်။
“တံတားကမကောင်းသေး၊ ဝယ်လာသမျှကုန်တွေအပေါ် ရသမျှ အရင်ကထက် ၂ဆရစ်တယ်။ ကုန်တွေစျေးမတက်ခံနိုင်ရိုးလား၊ ငွေစျေးကလဲ ပြန်ပြုတ်ကျလာနေတာ” လို့ မိုင်းဆက်မြို့ခံတစ်ဦးက ဆိုပါတယ်။
ရှမ်းပြည်အရှေ့ပိုင်းက လယ်သမားတွေ အများဆုံးအသုံးပြုနေတဲ့ တရုတ်လုပ် လက်ကိုင်မြက်ရိတ်စက်တွေဟာ အရင် ၂သိန်းဝန်းကျင်ကနေ အခု ၄သိန်းကျော်အထိ ဖြစ်သွားပြီး အရန်အစားထိုးလဲလှယ်တဲ့ဓားသွားလို ပစ္စည်းတွေလဲ ဝယ်ရခက်လာနေတယ်လို့ လယ်ယာသုံးပစ္စည်းဆိုင်တွေထံက သိရပါတယ်။
လက်ရှိ ထိုင်းငွေလဲလှယ်နှုန်းကလည်း အရင်ရက်ပိုင်းက ကျပ်၁သိန်းကို ဘတ်၇၅၀မှာ ရှိနေပေမယ့် အခုတော့ ကျပ် ၁သိန်းကို ဘတ် ၇၀၀ဝန်းကျင်သာ ရှိတော့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အခြား တရုတ်နယ်စပ်နဲ့နီးတဲ့ မိုင်းယောင်း၊ မိုင်းယန်းမြို့တွေမှာလည်း တရုတ်ဘက်က ကုန်တင်သွင်းခွင့်ပိတ်လို့ အစစ ရှားပါးစျေးတက်လာကာ အခက်တွေ့နေကြတယ်လို့ ဒေသခံတွေက ဖွင့်ဟပါတယ်။
MK – 012








