မဲခေါင်၊ အောက်တိုဘာ ၂၄
ရှမ်းတောင်၊ အောင်ပန်းမြို့က ကလောဘက်အထွက် မှာ ဆိုင်ကယ်နဲ့လက်ဝတ်လက်စားတွေ ရိုက်လုခံရလို့ သားအမိ ၂ဦး ခေါင်းမှာ ပြင်းထန်ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။
ယနေ့ အောက်တိုဘာ ၂၄ရက် မနက် ၉း၃၀ အချိန်မှာ အောင်ပန်းကနေ ကလောဘက်အထွက် မယ်ခိုတောင်လမ်းဘက်မှာ ဆိုင်ကယ်ရိုက်လုခံရတာလို့ ဒေသခံတွေဆီက သိရပါတယ်။
“လွယ်အိတ်ထဲ ခဲထည့်ပြီး ရိုက်လုတာ၊ သားအမိ၂ဦးလုံး ခေါင်းတွေ ထိတာ၊ ၂ယောက် လုံး ပြင်းထန်တယ်၊ သားက ပိုဆိုးပုံပေါက် တယ်”လို့ အခင်းဖြစ်ရပ်အနီးကဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
လုယက်သူမှာ ၂ ဦးဟု ပြောကြပြီး ဆိုင်ကယ်ကို မောင်းပြေးသွားတယ်လို့ ဆိုပါတယ်။
အောင်ပန်းမြို့၊ လက်မပင်ရပ်ကွက်နေသူ ကလောက ပြန်လာတဲ့ သားအမိ၂ ဦး မယ်ခိုတောင်ဘက် အရိပ်ခိုနားနေစဥ် ဆိုင်ကယ်နဲလူ၂ဦးရောက်လာပြီး လွယ်အိတ်ထဲခဲလုံးထည့်ရိုက်လို့ အမေဖြစ်သူ မေ့လဲကျပြီး သားဖြစ်သူကိုပါ ဆက်ရိုက်လို့ ပြင်းထန်ဒဏ်ရပေမယ့် လမ်းပေါ်တက် အကူအညီတောင်းခဲ့တာလို့ သိရပါတယ်။
ကူညီသူတွေရောက်လာချိန်မှာ ဆိုင်ကယ်မရှိ တော့သလို ဆွဲကြိုး၊ နာရီ၊ လက်ကောက်တွေ မရှိတော့ပဲ နားကပ်သာ ကျန်ရှိကာ လုယက်သူတွေ ထွက်ပြေးသွားပြီလို့ ဆိုပါတယ်။
ဆိုင်ကယ်လုယက်ခံရသူ သားအမိ ၂ဦးလုံးကို အောင်ပန်းနာရေးကူညီမှုအသင်းက တောင်ကြီး စဝ်စံထွန်းဆေးရုံကို ပို့ဆောင်နေတာလို့ သိရပါတယ်။
MK-012








