မဲခေါင်၊ အောက်တိုဘာ ၂၄
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ လာမယ့်လအတွင်းပြုလုပ်မယ့် မီးပုံးပျံပြိုင်ပွဲမှာ မီးပုံးပျံ ကုန်ကျစရိတ်တွေများပြားနေတဲ့အပြင် ယမ်းရှားပါးကာ စျေးမြင့်နေလို့ အခက်ကြုံနေရတယ်လို့ မီးပုံးပျံအသင်းတွေထံက သိရပါတယ်။
လာမယ့် နိုဝင်ဘာလအတွင်း စစ်ကောင်စီကပြုလုပ်မယ့် တန်ဆောင်တိုင်မီးပုံးပျံတွေကို တောင်ကြီးမြို့ပေါ် ၂၂ ရပ်ကွက်နဲ့အခြားအသင်းအဖွဲ့ ကုမ္ပဏီတွေကို ပြုလုပ်ပါဝင်ဖို့ ဖိအားပေးနေတာမှာ လက်ရှိတိုင်းပြည်အခြေ အနေအရ ကုန်ကျစရိတ်တွေ များပြားနေတယ်လို့ သိရပါတယ်။
“ရှမ်းအစိုးရ က ၁ ရပ်ကွက် ကို ၃၅ သိန်းစီထုတ်ပေးပေမယ့် စက္ကူ၊ လောင်စာ ယမ်း အစစရှားပါးစျေးတက်နေတာ အနည်းဆုံး မီးပုံးပျံ ၁ လုံးကို သိန်း ၅၀ အထက်ကုန်မှာ၊ ဒါတောင် သွားလာစရိတ်နဲ့လုပ်တဲ့သူတွေရဲ့ပညာခ စားစရိတ်တွေ မပါသေးဘူး”လို့ မီးပုံးပျံအဖွဲ့ဝင်တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
စစ်ကောင်စီရဲ့ရှမ်းပြည်နယ်အုပ်ချုပ်ရေးကတော့ ရေကြီးလို့ အင်းလေးဖောင်တော်ဦးဘုရားပွဲ မလုပ်လိုက်ရပေမယ့် တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲပြုလုပ်နိုင်ဖို့ ဖိအားပေးနေတာအပြင် ရန်ပုံငွေကိုလည်း တပ်ထောက်ခံသူတွေဆီက ရယူနေတာသာမက နည်းမျိုးစုံနဲ့ ရှာဖွေနေတယ်လို့ သိရပါတယ်။
“ဝစ်သောက်ကားတွေ၊ ကုန်ကားတွေ ပစ်မှတ်ထားမယ်၊ ဆိုင်ခန်း နေရာတွေရောင်းမယ်၊ လောင်းကစားဝိုင်းတွေထည့်မယ်၊ ရသမျှညှစ်ယူမှာ၊ စစ်ဘေး၊ ရေဘေးကြောင့် ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက် ကုန်ကျသွားမှာတွေကို သုံးရင် ဘယ်လောက်တန်ဘိုးရှိလိုက်လေမလဲနော်”လို့ တောင်ကြီးမြို့သူ တစ်ဦးက ပြောပါတယ်။
မီးပုံးပျံအမျိုးအစား ၃ မျိုးဖြစ်တဲ့ နေ့လွှတ်၊ ခြေ၂ချောင်း၊ ခြေ၄ချောင်းအရုပ်၊ စိန်နားပန်နဲ့မီးကြီးတွေကို လူ၁၅ဦးခန့်က ၁လကြာခန့်ပြုလုပ်ကြရပြီးရိုးရာဆိုတဲ့အတိုင်း နိုင်ငံခြားကကုန်ကြမ်းပါတာကလွဲလို့ နည်းပညာ၊ အတွေးအခေါ်နဲ့ဒေသထွက်စက္ကူတွေနဲ့ပြုလုပ်တဲ့ရိုးရာပြိုင်ပွဲစစ်စစ်လို့ ကွယ်လွန်သူ တောင်ကြီးမီးပုံးပျံအသင်းဥက္ကဌဒေါက်တာသန်းဝင်းက ပြောကြားခဲ့ဘူးပါတယ်။
အရင်က စိန်နားပန်၁လုံးကို ကျပ်သိန်း၂၀ခန့် ကုန်ကျခဲ့ပြီး ညမီးကြီး၁လုံးကိုတော့ ယမ်းအမျိုးအစားနဲ့အချိုးအစားအလိုက် ကျပ်သိန်း ၄၀ က ၅၀ ကျော်ကုန်ကျကာ နေ့လွှတ်အရုပ်တွေကမူ အရွယ်အစားနဲ့ အုပ်စုအပေါ် မူတည်ပြီး ကျပ် ၁၀ သိန်းအထက် ကုန်ကျခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ အနေအထားမှာတော့ ရေဘေးကြောင့် ရှမ်းစက္ကူစျေးပြီးမြင့်မှု၊ တရုတ်ကလာတဲ့ယမ်းတွေ ဝယ်ရခက်ကာ ရှားပါးသလို ပြည် တွင်းက ကျည်ဆံယမ်းတွေလဲ အန္တရာယ်ရှိတာကြောင့် မီးပုံးပျံအဖွဲ့တွေ စစ်ကောင်စီရဲ့ ဖိအားအောက်မှာ အခက်ကြုံနေကြရတယ် လို့ သိပါတယ်။
MK-012











