မဲခေါင်၊ အောက်တိုဘာ ၂၂
ရှမ်းမြောက်က MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို မပြန်နိုင်သေးတဲ့ ဒေသခံတွေရဲ့နေအိမ်တွေ ဖောက်ထွင်းခိုးယူနေရဆဲဖြစ်သလို လုယက်မှုတွေလဲရှိလာနေတယ်လို့ သိရပါတယ်။
MNDAA က မြို့ပြန်လည်ထူထောင်ရေးနဲ့ လုံခြုံရေး ပြုလုပ်နေတဲ့ကြားက ခုလို ရာဇဝတ်မှုတွေ ဖြစ်ပွားလာနေတာလို့ ဒေသခံတွေက ပြောပါတယ်။
“ဗုံးကြဲခံနေရတာကလွဲလို့ အိမ်ပျက်ဖို့ မရှိဘူးလို့ထင်နေရာက ခု သေချာပိတ်ထားတဲ့အိမ်ကို ချိုးဖျက်ဝင်ခိုးတာ၊ ဘေးအိမ်က ပြန်လုပ်ပေးထားလို့သာ အိမ်မပျက်စီးတာ”လို့ လားရှိုး ဒေသခံ တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်ကလည်း ရွှေကျောက်ဂူဘေးအိမ်က ဆိုင်ကယ်ကို လူ ၃ ယောက်က လာခိုးသွားတဲ့ အပြင် အိမ်အစောင့် ကိုလည်း ဓားတွေနဲ့ ပြန်တိုက်ခိုက်ခဲ့လို့ ဒဏ်ရာတွေရတာရှိခဲ့တယ်လို့ သိရပါတယ်။
လားရှိုးမြို့ကို MNDAA ထိန်းချုပ်အပြီး ၂ လအကြာခန့်မှာ အိမ်ဖောက်တာတွေ၊ ခိုးဆိုးလုယက်တာတွေ ပြန်တွေ့လာနေရတာ ဖြစ်တယ်လို့သိရပါတယ်။
“၉ ရက်နေ့က ထောင်ဖေါက်မှုဖြစ်ခဲ့ပြီးနောက် ရာဇဝတ်မှုတွေ ပြန်ဖြစ်လာတာ၊ လူတွေက ဗုံးကြောက်လို့ ညဆို ရှောင်နေကြတာ၊ တာဝန် ရှိသူတွေ အရင်ကထက် မြို့လူထု အတွက် လုပ်ပေးစေချင်တယ်”လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
အခုလို အိမ်ဖောက်ခံနေရတာတွေ၊ ရာဇဝတ်မှုတွေ ပြန်လည် ပေါ်ပေါက်လာတဲ့အပေါ် MNDAA လားရှိုးမြို့အုပ်ချုပ်ရေးပိုင်းက ဖမ်းဆီးအရေးယူမှုတွေ လုပ်ပေးနေပေမယ့် လူဆိုးသူခိုးတွေကတော့ ကျုးလွန်နေကြဆဲဖြစ်လို့ ထိထိရောက်ရောက် အရေးယူပေးစေလိုတယ်လို့ ဒေသခံတွေက တောင်းဆိုနေကြကြောင်း သိရပါတယ်။
MK-012











