မဲခေါင်၊ အောက်တိုဘာ ၉
ထိုင်းမီဒီယာဘန်ကောက်ပို့စ်က အောက်တိုဘာ ၉ ရက်၊ ဗုဒ္ဓဟူးနေ့မှာပဲ ထိုင်း-မြန်မာ နယ်စပ်ရေးရာဌာန တာဝန် ရှိသူတွေဟာ ဒေသတွင်း ရေကြီးရေလျံမှုတွေကို ဆက်တိုက်ဖြစ်ပေါ်စေတဲ့အနေအထားကြောင့် မယ်ဆိုင်နဲ့ မယ်ဟုတ်ချောင်းနဖူး နယ်နိမိတ်ပြန်သတ်မှတ်ပြီး မလွတ်တဲ့အဆောက်အအုံတွေ ဖြိုဖျက်ဖို့ ဆွေးနွေးကြကြောင်း ရေးသားထုတ်ပြန်သွားပါတယ်။
တာချီလိတ်မြို့နဲ့ နယ်ခြားစည်းဖြစ်တဲ့ မယ်ဆိုင်နဲ့ မယ်ဟုတ်ချောင်းမှာ ရေလျှံမှုကြောင့် ဒေသတွင်းရေကြီးမှုတွေ မကြာခဏဖြစ်ပေါ်နေရတဲ့အတွက် ထိုင်းအာဏာပိုင်တွေဟာ မြစ် ကမ်းနဖူးဘေး နေအိမ်အဆောက်အအုံတွေ ဖယ်ရှားပြီး မြစ်ကိုချဲ့တွင်နိုင်ရေး အဆိုပြုထားမှုကို အောက်တိုဘာ ၇ ရက်နေ့က ခွင့်ပြုလိုက်လို့ မြန်မာနိုင်ငံနယ်စပ်ရေးရာ ဌာနနဲ့ နှစ်ဖက်သဘောတူညီမှုရရေး အစည်းအဝေးလုပ်ဖို့ စီစဉ်ခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်။
ထိုင်းနယ်စပ်ရေးရာဌာန အကြီးအကဲ တော်ဝင်ထိုင်းတပ်မတော် ဒုတိယဗိုလ်ချုပ်ကြီး နက်သာပေါင်ဖရာအိုကယူး က မြစ်တွေရဲ့ အကျယ်ဟာ အနည်းဆုံးပျမ်းမျှ မီတာ ၃၀ ရှိမှသာ ရေစီးရေလာကောင်းမွန်ပြီး ရေလျှံမှုကို မဖြစ် ပွားစေဘဲ ရေဘေးအန္တရာယ်ကို ကာကွယ်နိုင်မှာကြောင့် ထိုင်းဘက်က ကမ်းနားအဆောက်အအုံတွေကို မလွတ်ရင် ဖျက်သိမ်းဖို့ အဆိုပြုတာဖြစ်ကြောင်း ရှင်းလင်းပြောကြားသွားပါတယ်။
စီမံကိန်းရည်မှန်းလျာထားချက်က ၂၀၂၅ ခုနှစ်အပြီးသတ်မှတ်ထားပြီး ၂၀၁၈ ခုနှစ်ကတည်းက မြန်မာဘက်ကနေ မယ်ဆိုင်နဲ့ မယ်ဟုတ်ချောင်းတွေရဲ့ ကမ်းနဖူး နေရာဒေသ ၁၃ နေရာ၊ (၆ ခုက မြန်မာဘက်၊ ၇ ခုက ထိုင်းဘက်) အဆောက်အအုံတွေကို ဖျက်ပြီး မြစ်ရေစီးနေရာချဲ့တွင်သတ်မှတ်ဖို့ အဆိုပြုခဲ့သေးကြောင်း၊ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ဒီမြစ်ရေလျှံခြင်းကြောင့် တာချီလိတ်နဲ့မယ်ဆိုင်ဒေသတွေမှာ ရေကြီးမှုတွေကြောင့် ဆုံးရှုံး နစ်နာမှုတွေဖြစ်အပြီး အောက်တိုဘာ ၁ ရက်နေ့မှာ ဒီစီမံကိန်းကို အသက်ပြန်သွင်းဖို့ စီစဉ်တာလို့ ဒုတိယဗိုလ်ချုပ် ကြီးနက်သာပေါင်ဖရာအိုကယူးက ရှင်းလင်းပြောကြားသွားပါတယ်။
Ref: bangkokpost
MKF – 001








