မဲခေါင်၊ အောက်တိုဘာ ၈
ကယား(ကရင်နီ)ပြည်၊ လွိုင်ကော်မြို့မှာ အောက်တိုဘာလ ဒုတိယယပတ်အတွင်း ရေအနည်းငယ် ကျဆင်းလာပေမယ့် စိုးရိမ်ရေမှတ် မလွတ်ကင်းသေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။
လက်ရှိ လွိုင်ကော်တစ်မြို့လုံး အတိုင်းအတာအရ ၂ ပေကျော်ခန့် ရေကျလာတဲ့ အနေအထားမှာ လူနေအိမ်ခေါင်မိုးတွေ နစ်မြုပ်နေဆဲ ဖြစ်ပြီး ရေအနည်းငယ် ပေါ်လာတဲ့ အိမ်တွေကလည်း နေထိုင်လို့ မရသေးဘူးလို့ ဆိုပါတယ်။
“ရေက တက်ရင်သာ တအားမြန်တာ။ ကျပြီဆို အိပဲ့အိပဲ့နဲ့ တော်တော်ကြာတာ။ မိန်းလမ်းကတော့ သွားလို့ရပြီ။ မရတဲ့နေရာက လုံးဝမရသေးဘူး” လို့ လွိုင်ကော်မြို့ခံ တစ်ဦးက ပြောပါတယ်။
အရင်ရက်တွေက လွိုင်ကော်မြို့ တောင်ဈေးအထိ လှေနဲ့ သွားခဲ့ရပေမယ့် လက်ရှိမှာတော့ ကားနဲ့ သွားလာလို့ရပြီး ရှမ်းပိုင်းနဲ့ မင်္လာရပ်ကွက်ကိုလည်း စိတ်ချလက်ချ သွားလာနိုင်ပြီလို့ သိရပါတယ်။
“ပေါ်လာတဲ့ အိမ်တွေတော့ ကြမ်းခင်းတွေ ဘာမှသုံးမရတော့ဘူး။ ရေမြုပ်တဲ့ အိမ်တွေအကုန်လုံးက အကောင်းတိုင်း မကျန်ဘူး။ အစအဆုံးတော့ အသစ်ပြန်ဆောက်သလို ပြင်ရတာပဲ” လို့ လွိုင်ကော်မြို့တွင်း ရေဘေးသင့် ပြည်သူတစ်ဦးက ပြောပါတယ်။
အလားတူ ညောင်ရွှေမြို့နယ်တွင်းမှာလည်း ရေကျလာတာကြောင့် လာမယ့် ရက်တွေအတွင်း ဘီလူးချောင်းအတိုင်း စီးဆင်းလာမယ့် လွိုင်တော်မြို့မှာလည်း ထပ်ကျလာနိုင်ပြီး အောက်တိုဘာလအကုန်မှာ ရေအားလုံးကျနိုင်တယ်လို့ ဆည်မြောင်းရေးရာကျွမ်းကျင်ပညာရှင်တွေက ခန့်မှန်းပါတယ်။
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ရေကာတာကို စစ်ကောင်စီတပ်က ဖောက်ချလိုက်တာကြောင့် လွိုင်ကော်မြို့မှာ စက်တင်ဘာ တစ်လတာလုံး ရေကြီးခဲ့ပြီး စပါးခင်းဧက သောင်းချီနဲ့ လူနေအိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
လွိုင်ကော်မှာ ခိုင်နှင်းဝေက တစ်အိမ် သိန်း ၂၀ ကျပ်နှုန်းနဲ့ သိန်းပေါင်း တစ်သောင်း လှူဒါန်းခဲ့ပေမယ့် စစ်ကောင်စီတပ်၊ အုပ်ချုပ်ရေးမှူးတွေနဲ့ နီးစပ်သူတွေကပဲ ရရှိခဲ့တယ်လို့ စုံစမ်းသိရပါတယ်။
MK-014












