မဲခေါင်၊ အောက်တိုဘာ ၈
မန္တလေးတိုင်း ဝန်ကြီးချုပ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ခြင်းအပေါ်မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်ဦး – PSLF/TNLA ဗဟိုဌာနချုပ်မှ ၀မ်းနည်းကြောင်းသ၀ဏ်လွှာ အောက်တိုဘာ ၈ရက်မှာ ပေးပို့ပါတယ်။
မြန်မာ့စစ်အာဏာရှင်အဆက်ဆက်ရဲ့ ဖမ်းဆီးအကျဉ်းချခြင်း၊ ပုံစံအမျိုးမျိုး ညှင်းပမ်းနှိပ်စက်ခြင်းကို ဦးမညွတ်ပဲ ဒီမိုကရေစီတိုက်ပွဲအလံကို အသက်သေဆုံးတဲ့အထိ ဆွဲကိုင်လွှင့်ထူ ဦးဆောင်တိုက်ပွဲဝင်တဲ့ ဒေါက်တာဇော်မြင့်မောင်ကို ဒီမိုကရေစီသူရဲကောင်းအဖြစ် အမြဲဂုဏ်ပြုအမှတ်ရနေမယ်လို့ TNLA ရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားအားလုံး လိုလားတောင်းတနေတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို မျက်ကွယ်ပြုခြင်း၊ လူမျိုးအားလုံးတန်တူညီမျှခွင့်ကို အာမခံတဲ့ ဖက်ဒရယ်ပြည်တောင်စုနိုင်ငံ တည်ဆောက်မယ့် နိုင်ငံရေးအခင်းအကျင်းကို သွေးခွဲခြင်း၊ အာဏာရှင်အပေါင်းအပါ လူတစ်စုကောင်းစားဖို့လုပ်နေတဲ့ စစ်ခေါင်းဆောင်တွေရဲ့ မိုက်မဲတဲ့အာဏာရူးသွပ်မှုကို မဖယ်ရှားနိုင်သ၍ မြန်မာနိုင်ငံဟာ ကျရှုံးနိုင်ငံဖြစ်လာမယ်လို့ TNLA ကဆိုပါတယ်။
ဒေါက်တာဇော်မြင့်မောင်ရဲ့ယုံကြည်စွဲကိုင်ထားတဲ့ ဒီမိုကရေစီစိတ်ခွန်အားဟာ နွေဦးတော်လှန်ရေးရဲ့ မြန်မာစစ်အာဏာရှင် အပြီးတိုက်ဖျက်ရေးအတွက် အကောင်းဆုံးစံနမူနာ၊ တိုက်ပွဲအင်အားတစ်ရပ်ဖြစ်တယ်လို့ TNLA က အသိအမှတ်ပြု ဖော်ပြထားပါတယ်။
ဒေါက်တာဇော်မြင့်မောင်ဟာ အာဏာသိမ်းစဉ်ကတည်းက ဖမ်းဆီးခံရတာဖြစ်ပြီး မန္တလေးအိုးဘိုထောင်အတွင်း ဆေးကုသမှုခံယူနေရာက ဇွန်လ၂၅ရက်နေ့မှာ မန္တလေးဆေးရုံကြီးကို ပြောင်းရွေ့ကုသနေတာဖြစ်ပါတယ်။ အဲဒီနောက် အောက်တိုဘာလ၇ရက်နေ့ မနက်၃နာရီမှာ ကင်ဆာရောဂါနဲ့ ကျဆုံးသွားတာ ဖြစ်ပါတယ်။
ဒေါက်တာဇော်မြင့်မောင် မကျဆုံးမီနာရီပိုင်းအလိုကျမှ စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့် လာဖတ်ပြတာဟာ စစ်မှန်တဲ့ သနားကြင်နာမှုမျိုးမဟုတ်ဘူးလို့ မြန်မာနိုင်ငံဥရောပသမဂ္ဂရုံး-EU က မနေ့ကထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဥ်းသားများကွန်ရက် – PPNM ကလည်း ဒေါက်တာ ဇော်မြင့်မောင် ကျဆုံးရတာဟာ စစ်ကောင်စီနဲ့ အကျဉ်းဦးစီးဌာနအနေနဲ့ ထောင်တွင်းဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိလို့ ကွယ်လွန်ခဲ့တာဖြစ်ပြီး အဲဒီသတင်းစကား မြန်မာပြည်သူတွေနဲ့ ကမ္ဘာ့ပြည်သူတွေထံ ပျံ့နှံ့သွားမှာကို ကြိုတင်ကာကွယ်ဖို့အတွက်သာ လွတ်ငြိမ်းသက်သာခွင့်ကို မကွယ်လွန်ခင်အချိန်အတွင်း လာရောက်ဖတ်ကြားတာလို့ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီဟာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ၁ရက်နေ့ အာဏာသိမ်းတဲ့နေ့မှာပဲ ဖမ်းဆီးထားလိုက်ပြီး Covdi-19 စည်းကမ်းတွေကို ချိုးဖောက်မှု၊ အဂတိလိုက် စားမှုအပြင် ရွေးကောက်ပွဲမဲမသမာမှုတွေကြောင့်ဟု စွပ်စွဲအကြောင်းပြကာ အိုးဘိုထောင်မှာ ထောင်ဒဏ် ၂၈နှစ်အထိ ချမှတ်ထားခံထားရတာဖြစ်ပါတယ်။
Photo – Voice of Myanmar (VOM)
MK – 011, 012








