မဲခေါင်၊ အောက်တိုဘာ ၄
ရှမ်းပြည်မြောက်ပိုင်းက ကားလမ်းတချို့မှာ အောက်တိုဘာလ ပထမအပတ်အတွင်း လမ်းပျက်စီးမှုနဲ့ စစ်ဆေးရေးဂိတ်တွေကြောင့် ကားအစီးရေ ထောင်ချီပိတ်မိနေတယ်လို့ အဝေးပြေး ယာဉ်မောင်းတွေက ပြောပါတယ်။
နောင်ချိုမြို့နယ်၊ ဆမ္မဆယ် – လွန်းကျော်ကွင်းလမ်းမှာ မိုးရက်ဆက် ရွာသွန်းမှုတွေကြောင့် ဗွက်တွေထနေပြီး လမ်းတစ်လျှောက်မှာလည်း ကားတွေ တိမ်းမှောက်နေကြတယ်လို့ ဆိုပါတယ်။
“ကြံခင်းထဲတိုးရင်း ဗွက်ထဲနစ်တဲ့ကားတွေ၊ မှောက်နေတဲ့ကားတွေ၊ ခေါင်းချင်းဆိုင် တိုးနေတဲ့ကားတွေ အများကြီးပဲ။ မလွတ်နိုင်သေးဘူး” လို့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
လမ်းတစ်လျှောက်မှာ ၃ ညကြာတဲ့အထိ အိပ်စောင့်နေတဲ့ ကားအစီးရေ ရာချီရှိပြီး ရာသီဥတု ဆိုးရွားနေတဲ့အပြင် စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းအန္တရာယ်တွေလည်း ကြောက်လန့်နေရတယ်လို့ ယာဉ်မောင်းတွေဆီက သိရပါတယ်။
အလားတူ လားရှိုးမြို့နယ်၊ နမ့်လန်နဲ့ ရပ်စောက်မြို့နယ်၊ ကျောက်ဂူလမ်း (နမ့်လမ် – ကျောက်ဂူလမ်း)ကနေ လမ်းလွှဲသွားကြသူတွေလည်း လမ်းအခြေအနေ ဆိုးဆိုးရွားရွား ပျက်စီးနေပြီး စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေမှာလည်း ငွေညှစ်နေတယ်လို့ ခရီးသည် တစ်ဦးက ပြောပါတယ်။
“အစပိုင်းက ဟုတ်မလိုလိုနဲ့။ အထဲရောက်တော့ ဆိုးဆိုးဝါးဝါးပဲ။ ဗွက်အကြီးက ၃ နေရာ။ ခရီးသည်တွေကို စစ်ဆေးသလိုလိုနဲ့ ပိုက်ဆံနှိုက်တဲ့ ခွေးတွေလည်း ရှိတယ်။ မပေးရဘူးဆိုတောင် ၂ သောင်း ၃ သောင်းက အသာလေး”
အဲဒီ လမ်းပိုင်းတွေမှာ ကားအသေး သွားလာလို့ မရသလို ကုန်ပစ္စည်းအပြည့် တင်ဆောင်ထားတဲ့ ကုန်ကားတွေလည်း တိမ်းမှောက်နိုင်တာကြောင့် လတ်တလော သွားလာကြသူတွေ အနေနဲ့ လမ်းအခြေအနေ သေချာစုံစမ်းကြဖို့ ယာဉ်မောင်းတွေက သတိပေးပါတယ်။
ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲ အခြေအနေတွေကြောင့် ပြည်ထောင်စု လမ်းမကြီး အားလုံးနီးပါး သွားလာခွင့် ပိတ်ထားပြီး ယာဉ်တွေအားလုံးဟာ လမ်းကြို လမ်းကြားတွေက သွားလာနေရတယ်လို့ ဆိုပါတယ်။
လမ်းလွှဲက သွားလာရတဲ့ အခြေအနေမှာ ယာဉ်တိမ်းမှောက်တာ၊ လမ်းခရီးကြန့်ကြာတာ၊ ဂိတ်ကြေးပေးရတာ စတဲ့အကြောင်းအရာတွေကြောင့် ကုန်စည်စီးဆင်းမှု နှောင့်နှေးပြီး ကုန်ဈေးနှုန်း တက်လာနိုင်တယ်လို့ ကုန်သည်တွေက သုံးသပ်ပါတယ်။
MK-014











