မဲခေါင်၊ အောက်တိုဘာ ၃
ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီနယ်စပ်၊ ဖယ်ခုံမြို့နယ်၊ လအိကျေးရွာက စေတီတခုမှာ အောက်တိုဘာလ ၁ ရက်နေ့ ညပိုင်းက ဘုရားဆင်းတုတော်တွေ ဖျက်ဆီးခံခဲ့ရပြီး ပြစ်မှုကျူးလွန်သူကို ပြင်းထန်တဲ့ အပြစ်ပေးအရေးယူမှု ပြုလုပ်မယ်လို့ KNDF စစ်ဗျူဟာ အမှတ် ၁ နဲ့ အမှတ် ၈ က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ဘုရားဆင်းတုတော်တွေ ဖျက်ဆီးခံရမှုနဲ့ပတ်သက်ပြီး မည်သူတွေလုပ်ဆောင်သည်ကို လအိကျေးရွာမှာရှိတဲ့ အုပ်ချုပ်ရေးမှူး၊ ဖယ်ခုံမြို့နယ် စုပေါင်းအုပ်ချုပ်ရေးကောင်စီအဖွဲ့တို့နဲ့အတူ စုံစမ်းရှာဖွေမှုတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။
” ခုထိ ဘယ်သူလုပ်မှန်းမသိရသေးဘူး။ စုံစမ်းတော့ စုံစမ်းကြမှာပေါ့နော်။ ကျွန်မအထင်က ဝါဒဖြန့်တာလားပေါ့နော်။ ဘာသာခြားလုပ်တာလား။ ဗုဒ္ဓဘာသာက လုပ်တာလား။ ဘယ်သူလုပ်ခိုင်းတာလဲ၊ ဘာလို့လုပ်တာလဲပေါ့။ ဘယ်သူလုပ်လဲ သိချင်တယ်”လို့ လအိကျေးရွာက အမျိုးသမီးတယောက်က ပြောပါတယ်။
အဆိုပါ စေတီက လအိကျေးရွာရဲ့ တောင်ပေါ်ဒေသမှာ တည်ထားတာဖြစ်ပြီး နှစ်ပေါင်းများစွာကတည်းက တည်ရှိပေမယ့် ပြုပြင်မွမ်းမံမှုကို လွန်ခဲ့တဲ့ ၂ နှစ်က ပြုလုပ်ခဲ့တာပါ။
လက်ရှိချိန်ထိ လအိကျေးရွာမှာ အင်တာနက်တွေလည်း ပြတ်တောက်နေပြီး Starlink ကိုသာ အသုံးပြုနေရတယ်လို့ သိရပါတယ်။
ဗုဒ္ဓဘာသာတွေရဲ့ အထွဋ်အမြတ်ထားရာ ဘုရားဆင်းတုတော်တွေ ဖျက်ဆီးခံရမှုအပေါ် ဘာသာရေးအထိကရုဏ်း ဖန်တီးဖို့ ဖြစ်နိုင်ကြောင်း ဝေဖန်ပြောဆိုတာတွေရှိနေပြီး အဓိကရုဏ်းဖြစ်မှာကိုလည်း ဒေသခံတွေ စိုးရိမ်ပူပန်မှုရှိနေတယ်လို့ သိရပါတယ်။
အဆိုပါဖြစ်စဥ်က နိုင်ငံရေးမတည်ငြိမ်တဲ့အချိန်ကာလအတွင်း ဝါဒမှိုင်းတိုက်ဖို့၊ ဘာသာရေးမှိုင်းတိုက်ဖို့ ဖြစ်နိုင်တယ်လို့လည်း ခန့်မှန်းပြောဆိုနေကြပြီး ဖြစ်စဥ်အသေးစိတ်ကိုတော့ မဲခေါင်သတင်းဌာနက စုံစမ်းနေဆဲဖြစ်ပါတယ်။
CJ-004












