မဲခေါင်၊ အောက်တိုဘာ ၂
စစ်ကောင်စီ ဦးစီးကျင်းမယ့် လာမယ့်ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းတွေကို ကောက်ယူရာမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူရဲ့ သန်းခေါင်စာရင်းကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး(နေပြည်တော်) ဧည့်ရိပ်သာမှာပဲ ဖြေကြားခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့် သတင်းတွေမှာ ဖော်ပြပါတယ်။
မိသားစုတွေစုံလင်တဲ့ ညဘက်အချိန်မှ ကောက်ရမယ့် သန်းခေါင်စာရင်းကို စစ်ခေါင်းဆောင်က လုံခြုံရေး အကြောင်းပြပြီး ဧည့်ရိပ်သာမှာပဲ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
လဝကဝန်ကြီး ဦးဆောင်တဲ့ သန်းခေါင်စာရင်း ကောက်ယူရေးအဖွဲ့က စစ်ခေါင်းဆောင် တစ်မိသားစုလုံးကို စာရင်းကောက်ယူခဲ့တယ်လို့ မြဝတီမှာ ဖော်ပြထားပေမယ့် ထုတ်လွှင့်တဲ့ ဗီဒီယိုထဲမှာတော့ စစ်ခေါင်းဆောင် တစ်ဦးတည်းသာ တွေ့မြင်ရပါတယ်။
ဒါ့အပြင် သန်းခေါင်စာရင်း ကောက်ယူရေး အဖွဲ့ဟာ ဒုစစ်ခေါင်းဆောင် စိုးဝင်း၊ ပြည်သူ့လွှတ်တော် ဥက္ကဌ ခွန်တီမြတ်၊ စစ်ကောင်စီ အတွင်းရေးမှူး အောင်လင်းဒွေး၊ တွဲဖက် အတွင်းရေးမှူး ရဲဝင်းဦးတို့ရဲ့ နေအိမ်တွေကိုလည်း သွားရောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
၂၀၁၄ ခုနှစ်က သန်းခေါင်စာရင်း ကောက်ယူရာမှာ မေးခွန်း ၄၁ ခု မေးမြန်းခဲ့ပေမယ့် ဒီနေ့ (အောက်တိုဘာ ၂)စတင် ကောက်ယူတဲ့ သန်းခေါင်စာရင်းမှာတော့ မေးခွန်း ၆၈ ခုအထိ တိုးလာပြီး ကျောင်းဆက်မတက်ရတဲ့ အကြောင်းအရင်း၊ အမှိုက်စွန့်ပစ်မှုစနစ်၊ သန့်ရှင်းမှုစနစ်တွေလည်း ပါဝင်လာတယ်လို့ သိရပါတယ်။
စစ်ခေါင်းဆောင်က မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း နေထိုင်ကြသူ အားလုံးကို သန်းခေါင်စာရင်း ကောက်ယူမယ်လို့ ထုတ်ပြန်ထားပေမယ့် နယ်မြေစိုးမိုးမှု လျော့နည်းလာတဲ့ စစ်ကောင်စီအတွက် ရာနှုန်းပြည့် ကောက်ယူဖို့ မဖြစ်နိုင်ဘူးလို့ တော်လှန်ရေး အင်အားစုတွေက သုံသပ်ထားပါတယ်။
MK-014










