မဲခေါင်၊ အောက်တိုဘာ ၁
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ မနေ့ည(စက်တင်ဘာ ၃၀)က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒီနေ့ (အောက်တိုဘာ ၁) မနက်ပိုင်းမှာ ရေအနည်းငယ် ထပ်တက်လာတယ်လို့ မြို့ခံတွေက ပြောပါတယ်။
လက်ရှိ တာချီလိတ်မြို့တွင်းမှာ ရေအားလုံး မကျသေးသလို ရေကျတဲ့နေရာတွေမှာလည်း နှုန်းမြေတွေ တင်ကျန်နေသေးတဲ့အချိန်မှာ ရေထပ်တက်လာတာကြောင့် ကုန်းနိမ့်ပိုင်း ရပ်ကွက်တွေမှာ စိုးရိမ်နေရတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
“တာချီလိတ်က မြို့နဲ့မတူတော့ဘူး။ နှုန်းတွေက တင်ကျန်ခဲ့တော့ ချောင်းနဲ့ လမ်းက တစ်ပြေးတည်း ဖြစ်နေပြီ။ မိုးက အဲလောက် မဟုတ်ပါဘူး” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
တာချီလိတ်မြို့မှာ ဩဂုတ်လပိုင်းကတည်းက ရေကျသွားပေမယ့် ဆန်ဆိုင်းလမ်းဆုံမှာ ရေအနည်းငယ် တင်ကျန်ခဲ့ပြီး မိုးရွာသွန်းမှုနဲ့အတူ ရေထပ်တာလာတာပဲ ဖြစ်ပါတယ်။
“ဖုန်းတော့ ရနေသေးတယ်။ ထပ်တက်လာရင် ထပ်ပျက်မှာပဲ။ ဒီရေနဲ့ အလုပ်ကို ကောင်းကောင်းမလုပ်ရဘူး” လို့ ယာဉ်မောင်း တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ပထမပတ်တုန်းက တာချီလိတ်မြို့၊ မယ်ဆိုင်ချောင်း ရေလျှံမှုကြောင့် စံချိန်တင် ရေကြီးရေလျှံမှု ဖြစ်ခဲ့ပြီး လက်ရှိမှာလည်း နှုန်းမြေတွေကြောင့် မယ်ဆိုင်ချောင်းရေဟာ ရပ်ကွက်တွေထဲအထိ ဝင်ရောက်လာမှာကို မြို့ခံတွေက စိုးရိမ်နေကြပါတယ်။
ရှမ်းပြည်တောင်ပိုင်း ရွာငံ၊ ကလော၊ ဆီဆိုင်၊ အင်းလေးတို့မှာလည်း ရေကြီးရေလျှံမှုများ ဖြစ်ပွားနေဆဲ ဖြစ်ပြီး အကူအညီတွေ လိုအပ်နေကြတယ်လိူ့ သိရပါတယ်။
MK-014









